မုံရွာမြို့မ ရဲစခန်း အချုပ်တွင် LGBT နိုင်ငံရေးအကျဉ်းသား ဘုံဘုံ ကျောက်ကပ်ရောဂါ နှင့် အတွင်းအကြော တက်ခြင်း ဝေဒနာ ပြင်းထန်စွာ ခံစားရ သော်လည်း ဆေးရုံတက်ကုသခွင့် မပေး၍ အချုပ်ခန်းအတွင်းတွင် သေဆုံး
ရန်ကုန်၊ ဒီဇင်ဘာ ၂၆
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မ ရဲစခန်းအချုပ်တွင် LGBT နိုင်ငံရေး အကျဉ်းသား ဘုံဘုံ ကျောက်ကပ်ရောဂါ နှင့် အတွင်း အကြောတက်ခြင်း ဝေဒနာ ပြင်းထန်စွာ ခံစားရသော်လည်း ဆေးရုံတက်ကုသခွင့်မပေး၍ အချုပ်ခန်းအတွင်းတွင် သေဆုံးခဲကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် နိုင်ငံရေး အကျဉ်းသား ဘုံဘုံသည် ရဲစခန်းအချုပ်၌ ကျောက်ကပ်ရောဂါနှင့် အတွင်းအကြောတက်ခြင်းဝေဒနာကို ပြင်းထန်စွာခံစားခဲ့ရပြီး ရဲစခန်းအချုပ်အတွင်း၌ ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း၊ နိုဝင်ဘာလ ဒုတိယအပတ်မှ စ၍ ဘုံဘုံသည် ကျောက်ကပ်ရောဂါ ဝေဒနာဆိုးရွားလာခဲ့ပြီး ဆေးဝါးကုသခွင့်ရရန် မြို့မ ရဲစခန်းတာဝန်ရှိသူများကို တင်ပြခဲ့သော်လည်း အချုပ်ခန်းတွင်းပင် ဆလိုင်းချိတ်ကုသပေးမှုများသာ ယာယီပေး၍ ထပ်မံ ချုပ်နှောင်ထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
“ဖမ်းဆီးခံရချိန်မှာလည်း ညည်းပန်းနှိပ်စက်မှုတွေ ခံခဲ့ရတဲ့အပြင် ရဲစခန်းမှာလည်း လူဦးရေ ထူထပ်ကျပ်ညှပ်စွာနဲ့ နေထိုင်ရသူဖြစ်တယ်။ နိုဝင်ဘာလက စပြီး ဆေးဝါးကုသခွင့်တောင်းဆိုပေမယ့် ဆရာဝန်တွေကလည်း ဆေးဝါးတွေကုသစရာမလိုဘူး ဆေးရုံတက်စရာမလိုဘူးဆိုတဲ့ အကြောင်းပြချက်နဲ့ ရဲစခန်းမှာပဲ ထပ်ချုပ်နှောင်ခဲ့တယ်။ ရောဂါဆိုးဝါးလာတဲ့အခါမှာလည်း အချုပ်ကနေ မုံရွာဆေးရုံကို ပို့ဖို့ တောင်းဆိုတဲ့အခါမှာလည်း အခက်အခဲအမျိုးမျိုးနဲ့ကြုံတွေ့ခဲ့ရတယ်။ ခွင့်မပြုခဲ့ဘူး။ အချုပ်ထောင်ထဲမှာ မသေဆုံးခင် အရေးပေါ်ဖြစ်တဲ့အချိန်တွေမှာလည်း ဘယ်သူမှ ဆေးရုံပို့ဆောင်ခြင်းမရှိဘဲ ဒီအတိုင်းပဲ စောင့်ကြည့်ပြီးမှပဲ သေဆုံးသွားတာဖြစ်ပါတယ်။ ရဲတွေဘက်က ထောင်ပြောင်းဖို့ အချုပ်ခန်းမှ ထုတ်ပြီးတော့ ကုသဖို့လုပ်တဲ့အခါမှာ ဆရာဝန်တွေဘက်က လက်မခံလို့ ဆုံးသွားရတယ်လို့ သတင်းလွှင့်နေတယ်။ တကယ်လက်တွေ့မှ အင်မတန်မှ ရောဂါဆိုးရွားနေတဲ့အခြေအနေမျိုးမှာ ဆေးရုံမပို့ဘဲ ဒီအတိုင်းပဲ လက်ပိုက်ကြည့်နေတယ်ဆိုတာ ရရှိထားတဲ့အချက်အလက်တွေအရ သေချာပေါက်ပြောနိုင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။
ဆေးကုသခွင့် မရရှိဘဲ ကျဆုံးသွားရသူ ဘုံဘုံသည် အသက် ၃၃ နှစ်ရှိပြီး ဖြစ်ပြီး ခန္ဓာကိုယ် ကြံ့ခိုင် သန်စွမ်းသည့် အရွယ်ဖြစ်ကြောင်း၊ ဖမ်းဆီးခံရချိန် ဖေဖော်ဝါရီလထဲတွင် စစ်တပ်က သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒေါ်အောင်ဆန်းစုကြည်၏ ပုံကို တက်တူးထိုးထားသည်ဆိုသည့် အကြောင်းပြချက်နှင့် သံကြိုးများနှင့် ခြေထောက်နှင့် လက်များကို အဓမ္မချုပ်နှောင်ခဲ့ကြောင်း၊ ထို့နောက်တွင် အကြမ်းဖက်ပုဒ်မများ ဖြစ်သည့် ၅၂ က၊ ခ များ၊ ထောက်ပို့ ၅၀ ည ပုဒ်မများနှင့် တရားစွဲဆိုကာ ယခုနှစ် ဒီဇင်ဘာ ၂၃ ရက်နေ့တွင် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူဖြစ်သော်လည်း အချုပ်ခန်းအတွင်း ချုပ်နှောင်ခံထားရသူဖြစ်ကြောင်း သိရှိရသည်။
ဘုံဘုံ ကျဆုံးရခြင်းသည် မြို့မရဲစခန်း စခန်းမှူးတွင် တာဝန်ရှိကြောင်း၊ ထိုသို့ နိုင်ငံရေးအကျဉ်းသားများကို ဥပဒေမဲ့ ချုပ်နှောင်ထားခြင်းမျိုး ၊ အမိန့်ကျပြီးသား လူများကို ထောင်မပို့ဘဲ ချုပ်နှောင်ထားသည့်အတွက် အချုပ်ခန်းအတွင်း ကျပ်ညှပ်စွာနေရာကာ အောက်ပိုင်းချိနဲ့ အာဟာမရှိခြင်းများ ကြုံနေရကြောင်း၊ အကျဉ်းထောင်ပို့ရမည့် လူများကိုလည်း အချုပ်ခန်းအတွင်း ဆက်မထားဘဲ အကျဉ်းထောင်ကို ပို့ဖို့ လိုအပ်ကြောင်း ကိုသိုက်ထွန်းဦးက ပြောကြားသည်။
“အကျဉ်းသားတွေကို လူသားဒိုင်းအဖြစ် အသုံးချဖို့ အကျဉ်းထောင်မပို့ဘဲ ထားနေတာပါ။ ဘုံဘုံဟာ ကျန်းမာရေးအရ ဆုံးပါးတယ်ဆိုပေမယ့် ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်ခံရတာဖြစ်တယ်လို့ ပြောချင်ပါတယ်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ဆက်လက် ပြောဆိုသည်။