29 C
Yangon

အောင်လံတွင် မြို့နယ်စီမံဥက္ကဋ္ဌ နှင့် ဗိုလ်မှူးကောင်းထက်ဇော်တို့၏ အမိန့်ဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရမည့် လူစာရင်း ကောက်ယူ၊ စစ်မှုထမ်းရန် အလှည့်မကျသေးသူများ ခရီးသွား ပြောင်းရွှေ့ခွင့် ပိတ်ပင်

Must read

အောင်လံတွင် မြို့နယ်စီမံဥက္ကဋ္ဌ နှင့် ဗိုလ်မှူးကောင်းထက်ဇော်တို့၏ အမိန့်ဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရမည့် လူစာရင်း ကောက်ယူ၊ စစ်မှုထမ်းရန် အလှည့်မကျသေးသူများ ခရီးသွား ပြောင်းရွှေ့ခွင့် ပိတ်ပင်

ရန်ကုန်၊ ဒီဇင်ဘာ ၂၈

မကွေးတိုင်း၊ အောင်လံတွင် မြို့နယ်စီမံဥက္ကဋ္ဌ နှင့် ဗိုလ်မှူးကောင်းထက်ဇော်တို့၏ အမိန့်ဖြင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုး သားမှန်သမျှ မဖြစ်မနေ စစ်မှုထမ်းရန် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး စစ်မှုထမ်းရန် အကျုံးဝင်သည့် အမျိုးသားများ စာရင်းများကိုလည်း တရားဝင်ကောက်ယူ ပြုစုထားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

နိုဝင်ဘာလဆန်းပိုင်းမှစတင်၍ ယခု ဒီဇင်ဘာလနှောင်းပိုင်းအထိ အောင်လံမြို့နယ်အတွင်းတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း မဖြစ်မနေ စစ်မှုထမ်းရမည့် လူငယ် အမျိုးသားများ စာရင်းကို ပြုစုထားရန် မြို့နယ်စီမံဥက္ကဋ္ဌ နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးကောင်းထက်ဇော်တို့က ညွှန်ကြားခဲ့ကြောင်း၊ လက်ရှိ တစ်မြို့လုံးရှိ အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသားသားများစာရင်းကို ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက လိုက်လံစိစစ်ကောက်ယူပြီး မြို့နယ်ထံသို့ တင်ပြခဲ့ကြောင်း၊ စစ်မှုထမ်းရမည့်သူများကို မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီက ဆင့်ခေါ်မည်ဖြစ်ပြီး ဆင့်ခေါ်ချိန် မလာရောက်ပါက စစ်တပ်ဖြင့် ဝင်ရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း သိရှိရသည်။

“စစ်မှုထမ်းရမယ့် လူစာရင်းဆိုပြီး ဒီဇင်ဘာနှောင်းပိုင်းမှာ နောက်ဆုံးအတည်ပြု ကောက်ယူသွားပါတယ်။ မဲမနှိုက်တော့ဘူး။ ရှိတဲ့လူစာရင်းနဲ့ ခေါ်မယ်လို့ ပြောတယ်။ ဆင့်ခေါ်လို့ မလာရင် လာဖမ်းမယ်။ ထွက်ပြေးရင် နေအိမ်ရော ရှိတဲ့မိသားစုရော ဖမ်းမယ်ပြောတယ်။ မိသားစုတွေရော လူငယ်တွေရော အကုန်စိတ်ဆင်းရဲနေရတယ်” ဟု အောင်လံမြို့မှ ပြည်သူတစ်ဦးက ဆိုသည်။

လတ်တလော စစ်မှုထမ်းရန် စာရင်းပြုစုချိန်တွင် နေအိမ်များတွင် ရှိနေသော အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း လူငယ်များသည် မည်သည့်နေရာမှ သွားရောက်ခွင့်မရှိဘဲ ခရီးသွားခွင့်လည်း မရှိကြောင်း၊ စစ်မှုထမ်းရန် အကျုံးဝင်သူများသည် သက်ဆိုင်ရာ မိခင်ဒေသမှ လွဲ၍ အခြားနေရာများသို့ ခွင့်ပြုချက်ဖြင့်သာ သွားရောက်ရမည်ဖြစ်ပြီး အကြောင်းကြားမှုမရှိဘဲ သွားရောက်၍ စစ်မှုထမ်း အလှည့်ကျလာချိန် လူမရှိပါက သက်ဆိုင်ရာ မိသားစုက တာဝန်ယူ ဖြေရှင်းပေးရမည်ဟု မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က ညွှန်ကြားလာကြောင်း သိရှိရသည်။

” ခရစ္စမတ်နေ့က အောင်လံမြို့ပေါ်မှာ စစ်မှုထမ်းစာရင်းပြုစုတဲ့အချိန်မှာ သန်းခေါင်စာရင်းပါတဲ့ လူငယ်တွေ နေအိမ်မှာ မရှိလျှင် ဘယ်နေရာမှာရှိလဲဆိုတာမျိူးမေးတယ်။ ပြည်ပမှာဆိုရင်လည် သေချာအောင်စိစစ်တယ်။ သူတို့အဲ့လိုဝင်စစ်တဲ့အချိန်မှာပေါ်တာဆွဲတယ်ထင်ပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ကုန်တယ်။ သူတို့တွေရပ်ကွက်ထဲဝင်လာပြီ ဆိုကတည်းက လုပ်ငန်းဂွင် ဝင်နေတဲ့အလူငယ်တွေလဲ ပြေးကုန်ကြတော့တာ။ မိဘတွေလည်း ငိုယိုနေကြရတာအိမ်တောင်ပြန်မလာခိုင်းရဲတဲ့အခြေအနေဖြစ်သွားတာ။ နယ်ဘက်က တိုက်နယ်၊အုပ်စု၊ကျေးရွာမှာလည်း အသက် ၁၈နှစ်ကနေ အသက် ၃၅ နှစ် အတွင်းအမျိူးသားတွေကျေးရွာအတွင်းနေထိုင်ခြင်းရှိ၊ မရှိ စိစစ်နေတယ်။ ရွာတွေမှာတော့ လူငယ်တွေကတော့ စခ၊ရခလာတဲ့သတင်းကြိုရထားရင် ရှောင်တိမ်းချိန်ရကြပါတယ်။ မြို့ပေါ်မှာ လူငယ်တွေကတော့ မရှိကြတော့ဘူး။ အိမ်ထောင်သည်နဲ့စားဝတ်နေရေးမပြေလည်တဲ့သူတွေပဲရှိတော့တာ” ဟု အောင်လံမြို့အခြေစိုက် ပရဟိတအဖွဲ့ဝင်တစ်ဦးက မြို့ပေါ် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းပြောဆိုသည်။

ထို့ပြင် အောင်လံမြို့နယ်အတွင်း စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ နှင့် ဗိုလ်မှူး ကောင်းထက်ဇော်တို့က ပြလို့ တိုက်နယ် ပျူစောထီး ခေါင်းဆောင် အေးထွန်းကို တာဝန်ပေးထားကြောင်း သိရှိရသည်။

အောင်လံမြို့နယ်တွင် စစ်မှုထမ်းရန် လူငယ်များကို ပေါ်တာဆွဲ ဖမ်းရာတွင် ပျူစောထီးများကို အဓိကထား၍ အသုံးပြုကြောင်း၊ ပျူစောထီးအဖွဲ့က လူငယ်များကို ပေါ်တာဆွဲမှုများ အပြင် ဖမ်းဆီးငွေညှစ်မှုများလည်း လုပ်ဆောင်ကြောင်း၊ လူငယ် ၁ ဦးလျှင် ငွေကျပ် သိန်း ၁၀၀ ထိ တောင်းခံလွှတ်ပေးကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများ ပူးပေါင်း၍ ဒီဇင်ဘာလ ၂၄ ရက်၊ ၂၅ ရက်နှင့် ၂၆ ရက်နေ့တို့တွင် အောင်လံမြို့ပေါ်ရှိ လမ်းဆုံ လမ်းဂွများ လမ်းပေါက်ဝများတွင် စောင့်ဆိုင်းပြီး လမ်းပေါ်၌ ဖြတ်သွားသည့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ပြီး လူငယ်များ ဖမ်းဆီးခံရမှု ရှိကြောင်း သိရသည်။

“ပြလို့ တိုက်နယ် ပျူခေါင်းဆောင် အေးထွန်းက အဆိုးဆုံးပဲ ပေါ်တာဆွဲတာ သူ့သဘောနဲ့သူ ငွေနဲ့ ပြန်ထုတ်ပေးတာတွေလည်း လုပ်တယ်။ စစ်ကြောင်းထိုးတာတွေ ပေါ်တာဆွဲတာတွေကို ပျူစောထီးတွေပဲ သုံးနေတယ်။ ပြလို့တိုက်နယ်မှာ ပေါ်တာဆွဲတာပိုဆိုးလာတာပဲ ပိုက်ဆံရှိတဲ့ လူဆိုရင် ငွေကျပ် ၁၀၀ နီးပါးတောင်းပြီး ပြန်ရွေးခိုင်းတာတွေပါအထိ ဖြစ်လာတာ” ဟု မြေလတ် ဗမာကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ရဲဘော်သျှားမောင်က ပြောဆိုသည်။

ဓာတ်ပုံ- အောင်လံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့် ဗိုလ်မှူးကောင်းထက်ဇော်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article