23 C
Yangon

ဘုတလင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီး၊ စစ်ဘေးရှောင်တဲများနှင့် ဆိုင်ကယ်များကို အကြောင်းမဲ့ မီးရှို့

Must read

ဘုတလင်မြို့နယ်တွင် စစ်တပ်က စစ်ကြောင်းထိုးကာ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီး၊ စစ်ဘေးရှောင်တဲများနှင့် ဆိုင်ကယ်များကို အကြောင်းမဲ့ မီးရှို့

ရန်ကုန်၊ ဒီဇင်ဘာ ၂၉

စစ်ကိုင်းတိုင်း ဘုတလင်မြိုနယ်အတွင်းကို အကြမ်းဖက်စစ်တပ်က ၄ ရက်တာ စစ်ကြောင်းထိုးကာ စစ်ကြောင်းထိုးလာသည့် တစ်လျှောက်ရှိ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီးကာ စစ်ဘေးရှောင်တောတဲများနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဒီဇင်ဘာလ ၂၅ ရက်နေ့မှ စတင်ကာ ဒီဇင်ဘာလ ၂၈ ရက်နေ့အထိ အကြမ်းဖက်စစ်တပ်၏ မုံရွာမြို့အနောက်မြောက်တိုင်း စစ်ဌာနချုပ် နမခ မှ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းက မုံရွာ – ဘုတလင် – ရေဦးလမ်းအတိုင်း စစ်ကြောင်းထိုးလာခြင်းဖြစ်ကြောင်း၊ စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်မှ ပြည်သူ ၂၅၀ ကျော်ကို ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း၊ ဖမ်းဆီးထားသော ပြည်သူ ၁၅၀ ကျော်ကို ဘုတလင်မြို့ထဲရှိ စစ်တပ် အထိုင်စခန်းသို့ ခေါ်ဆောင်သွားကြောင်း သိရှိရသည်။

“ဒီဇင်ဘာ၂၅ရက် နေ့ မနက်ခင်း၄နာရီအချိန်ကစပြီး နမခ စစ်တပ်ကနေ ကား ၅စီးနဲ့ ဘုတလင်နယ် ဇီးတောရွာကို အရင်စဝင်တာ။ စစ်ကား ၅စီးက ဇီး တောရွာကို စစ်သားတွေချပြီး နမခဘက်ပြန်သွားတယ်။ စစ်သားတွေကတော့ ရွာထဲက လူတွေဖမ်းပြီး ဘုတလင်ဘက် စစ်ကြောင်းစထိုးတယ်။ လမ်းမှာ တွေတဲ့ ပြည်သူ‌တွေရော၊ ခရီးသွားကားတွေပေါ်ကပါလာတဲ့ ခရီးသည် တွေရော၊ ကြက်သွန်စိုက်ခင်းက ပြည်သူတွေရော အကုန်ဖမ်းသွားတယ်။ကျန်တဲ့ ရွာက ပြည်သူတွေဆိုရင် အဲဒီ တစ်ရက်တည်းကို ပြည်သူ ၁၅၀ အဖမ်းခံရတယ်။ ညနေပိုင်းရာက်တော့ ဖမ်းဆီးခံရသူ ၁၅၀ ဘုတလင်မြို့ထဲ ဝင်သွားတယ်” ဟု ဒေဿပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ထို့ပြင် ဒီဇင်ဘာ ၂၆ ရက်နေ့တွင်လည်း ဘုတလင်မြို့ ခုံမင်းကြီးရပ်ကွက်ရှိ ပြည်သူများ၊ လွဲတဲရွာမှ ပြည်သူများကို ထပ်မံ ဖမ်းဆီးခဲ့ကြောင်း၊ ဒီဇင်ဘာ ၂၇ ရက်နေ့တွင်လည်း ဘုတလင်မြို့ပေါ်မှ ပြည်သူများကို ထပ်မံ ဖမ်းဆီးကာ စီပါရွာဘက်သို့ စစ်ကြောင်းထိုးသွားကြောင်း၊ ဒီဇင်ဘာ ၂၈ ရက်နေ့ နံနက်ပိုင်းအထိ ဖမ်းဆီးခံရသည့် ပြည်သူ ၂၅၀ ကျော်အထိ ရှိလာကြောင်း ဒေသပြည်သူများက ပြောကြားသည်။

“ဘုတလင်မြို့ကထွက်လာတဲ့ စစ်ကြောင်းက စီပါရွာကနေ ကင်းစမ်းရွာ အနောက်ဘက် မူးဘောင်ဘေးအတိုင်း စစ်ကောင်းထိုးလာပြီး စစ်ဘေးရှောင် ပြည်သူတောတဲတွေနဲ့ ဆိုင်ကယ် ၈ စီးကို မီးရှို့ဖျက်ဆီးသွားတယ်ဗျ။ အဲစစ်ကြောင်းက ကူတောရွာထဲဝင်သွားပြီဗျ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အကြမ်းဖက်စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ဘုတလင်မြို့နယ်‌ မြောက်ခြမ်းရှိ ကျေးရွာ ၂၀ကျော်မှ ပြည်သူများ စစ်ဘေး ရှောင်နေကြရပြီး ဆောင်းရာသီ ဖြစ်သည့်အတွက် ကလေးသူငယ်နှင့် သက်ကြီးရွယ်အိုများ ကျန်းမာရေး ထိခိုက်နေကြောင်း စစ်ဘေးရှောင်ပြည်သူများက ပြောဆိုသည်။

ဓာတ်ပုံ- ဘုတလင်မှ စစ်ဘေးရှောင်နေရသည့် ပြည်သူများ။

Photo- ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းဘုတလင်မြို့။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article