27 C
Yangon

မြိုင်မြို့နယ်၊ ပန်းတိုင်းတောကျေးရွာကို စစ်တပ်က ပစ်ခတ်ဝင်ရောက် မီးရှို့ဖျက်ဆီးနေ၊ ဘုတလင်မြို့နယ်၊ ရေဘုတလင်ကျေးရွာ စစ်တပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် ပြာကျ

Must read

ရန်ကုန်၊ မေ ၁၉

မကွေးတိုင်း၊ မြိုင်မြို့နယ်တောင်ပိုင်းရှိ ပန်းတိုင်းတောကျေးရွာကို ယနေ့ မေလ ၁၉ ရက် နံနက် ၇ နာရီခွဲခန့်တွင် အကြမ်းဖက်စစ်သားများနှင့် လက်ပါးစေ ပျူစောထီးများ သေနတ်ပစ်ဖောက်ဝင်ရောက်လာပြီး အများပြည်သူပိုင် နေအိမ်များကို မီးတင်ရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

“ဒီနေ့မနက် ၇ နာရီအချိန်တွင် မြိုင်နယ်တောင်ပိုင်း ပန်တိုင်းတောကျေးရွာကို အနောက်တောင်ပိုင်းမှ စပြီး မီးရှို့နေတယ်။ စစ်ကြောင်းက မနက် ၅ နာရီခွဲလောက်မှာ ကမ္မ ဘက်ကနေ စထွက်လာတာ၊ စစ်သားနဲ့ ပျူစောထီးတွေ အပြည့်ပါတဲ့ ကား ၂ စီး၊ နောက်ထပ် ၄ စီး၊ အားလုံးပေါင်း ၆ စီး။ မနက် ၆ နာရီ ၁၅ လောက်မှာ တွင်းမကို ရောက်လာပြီး အဲဒီကနေ ပန်းတိုင်းတောကို ဝင်လာတာ။ သူတို့ဝင် ဝင်လာချင်း မိုင်းကွဲသံတွေကြားရတယ်၊ တိုက်ပွဲဖြစ်တာမျိုး မဟုတ်ဘဲ သူတို့က သေနတ်တွေ ရမ်းပစ်ပြီး ဝင်လာတယ်၊ PDF တွေ အနားကပ်လို့ မရအောင် လုပ်တာထင်တယ်။ ပန်းတိုင်းတော အနောက်တောင်ဘက်ကနေ ဝင်လာတာ၊ လက်ရှိ အိမ် ၁၀ လုံးလောက်တော့ ကုန်သွားပြီ” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

ပန်းတိုင်းတောကျေးရွာသည် အိမ်ခြေ ၈၀၀ ခန့်ရှိသော ရွာကြီး တရွာဖြစ်ပြီး ကျေးရွာသားများ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သတင်းရရှိသည်။

လက်ရှိတွင် ပန်းတိုင်းတောကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ ရမ်းကားပစ်ခတ် မီးရှို့မှုကြောင့် နေအိမ်များ မီးလောင်ဆုံးရှုံးမှု အခြေအနေနှင့် ဒေသခံ ရွာသားများ ဖမ်းဆီးသတ်ဖြတ်ခံရမှု ရှိ၊ မရှိကို ရန်ကုန်ခေတ်သစ်က ဆက်လက်စုံစမ်းလျက်ရှိသည်။

ယမန်နေ့တွင် စစ်ကိုင်းတိုင်းဘုတလင်မြို့နယ်မှ ယခင် စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း သာအေး၏ မွေးရပ်မြေ သာယာကုန်းချောင်း၀ကြီးရွာ အပါအဝင် ရေဘုတလင်ကျေးရွာ၊ ဝက်ချောင်းလေးကျေးရွာ၊ သရက်တောကျေးရွာ၊ ဆင်စမ်းကျေးရွာတို့ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ရေဘုတလင်ကျေးရွာမှာ ရွာလုံးကျွတ်နီးပါး ပြာကျသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- မီးရှို့ဖျက်ဆီးခံထားရသော ဘုတလင်မြို့နယ် ရေဘုတလင်ကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article