24 C
Yangon

မြန်မာနိုင်ငံအပေါ် ချက်သမ္မတနိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်းမရှိ၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆက်လက်ပံ့ပိုး ရပ်တည်သွားမည် …

Must read

မြန်မာနိုင်ငံအပေါ် ချက်သမ္မတနိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်းမရှိ၊ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုကို ဆက်လက်ပံ့ပိုး ရပ်တည်သွားမည် …

ရန်ကုန်၊ ဇန်နဝါရီ ၄

မြန်မာနိုင်ငံအပေါ် ချက်သမ္မတနိုင်ငံ၏ မူဝါဒ ပြောင်းလဲခြင်းမရှိကြောင်း နှင့် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံအား ဆက်လက်ပံ့ပိုးကူညီလျက်ရှိပြီး မြန်မာ့ဒီမိုကရေစီရေးကြိုးပမ်းမှုတွင် ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ချက်သမ္မတနိုင်ငံသား Igor Blazevic က၄င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ပြောကြားလိုက်သည်။

Federica Cidale နှင့် Kristina Kironska တို့ရေးသားသည့် ‘Is Czech support for Myanmar’s democracy slipping?’ ချက်နိုင်ငံ ထောက်ခံမှု အားနည်းနေသလား ဟုအဓိပ္ပယ်ရသည့် ဆောင်းပါးတစ်ပုဒ် အရှေ့အာရှဖိုရမ် ဝဘ်ဆိုဒ်တွင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက တင်ဆက်ခဲ့အပြီး ၄င်းက ယခုလို ပြောကြားခဲ့ခြင်းလည်းဖြစ်သည်။

Igor Blazevic က အဆိုပါဆောင်းပါးသည် အပေါ်ယံသုတေသနကို အခြေခံပြီး လွဲမှားစွာ ရေးသားထားခြင်းဖြစ်သည်ဟုဆိုသည်။ အထူးသဖြင့် ချက်နိုင်ငံခြားရေးမူဝါဒ လည်ပတ်ပုံနှင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို ပံ့ပိုးရန် ချက်နိုင်ငံခြားရေဝန်ကြီးဌာန၏ ဆောင်ရွက်နေမှုများကို ကောင်းစွာသိနားလည်ခြင်းမရှိဘဲ Google ခေါက်ရှာဖွေကာ အလွယ်တကူရနိုင်သည့် အရင်းအမြစ်အနည်းငယ်အပေါ် အခြေပြုပြီးရေးသားခဲ့ပုံရသည်ဟုလည်း ၄င်းကဆိုသည်။

ချက်သမ္မတနိုင်ငံမှ လုပ်ဆောင်ခဲ့သည့်အရာများ၊ ဆက်လက်လုပ်ဆောင်နေမှုများကို သေချာသုတေသနမှတ်တမ်းပြု လေ့လားခြင်းမရှိဘဲ ထိုသို့ရေးသားခြင်းက လွဲမှားသော ကောက်ချက်ချရန် ဦးတည်စေခဲ့သည်လည်း ဆိုသည်။

Igor Blazevic က အဆိုပါဆောင်းပါးနှင့် ပတ်သက်၍ စာရေးသူများဖြစ်သော Federica Cidale နှင့် Kristina Kironska တို့အနေဖြင့် ချက်နိုင်ငံအတွင်း အာဆီယံသံရုံးများ၏ အစိတ်အပိုင်းအဖြစ် အချို့သောအခမ်းအနားများတွင် စစ်ကောင်စီ၏ ကိုယ်စားလှယ်အား တက်ရောက်ခွင့်ပေးနေသည်ဟု ယူဆကာ ချက်နိုင်ငံမှအရာရှိများအား ဖိအားပေးရန် အဆိုပါဆောင်းပါးကို ရည်ရွယ်ရေးသားခဲ့ပုံရသည်ဟုဆိုသည်။

အမှန်စင်စစ် ချက်သမ္မတနိုင်ငံသည် မြန်မာစစ်အာဏာရှင်တို့အား ချဉ်းကပ်ပုံ၊ ဒီမိုကရေစီလှုပ်ရှားမှုတို့အား ထောက်ခံမှုတို့ကို ပြောင်းလဲခဲ့ခြင်းမရှိ၊ ချက်သမ္မတနိုင်ငံသည် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှုကို အတက်ကြွဆုံး ထောက်ခံအားပေးနေသည့် ဥရောပနိုင်ငံများအနက်မှ တစ်နိုင်ငံဖြစ်သည်ဟု Igor Blazevic ကအခိုင်အမာဆိုသည်။

ပရာ့ဂ်တွင် ချက်နိုင်ငံမှ အစိုးရအရာရှိများနှင့် စစ်ကောင်စီကိုယ်စားလှယ်များ တွေ့ဆုံမှု အနည်းအကျဉ်း ရှိခဲ့သည်မှာ မှန်သည်။ သို့သော်လည်း ထိုတွေ့ဆုံမှုများသည် အခြားသောအာဆီယံသံရုံးများနှင့် ဘက်ပေါင်းစုံမှ ထိတွေ့ဆက်ဆံနေသည့် အခြေအနေမျိုးတွင် စစ်ကောင်စီကိုယ်စားလှယ်များ ရောပါလာခြင်းဖြစ်သည့်အတွက် စစ်ကောင်စီကိုယ်စားလှယ် ရှိနေခြင်းသည် ချက်သမ္မတနိုင်ငံ၏ မူဝါဒအပြောင်းအလဲ ရှိနေခြင်းဟု ကောက်ယူ၍ မရဟု ဆိုသည်။

အဆိုပါအခမ်းအနားများသည် အာဆီယံ သံတမန်အဖွဲ့များ အစုံပါဝင်သော တွေ့ဆုံပွဲများတွင် စစ်ကောင်စီကိုယ်စားလှယ်အား အခြားသောအာဆီယံသံရုံးများက အခိုင်အမာ ရပ်တည်ပေးနေသည့် အခြေအနေကိုသာ ထင်ဟပ်ခြင်းဖြစ်သည်။ ချက်နိုင်ငံအရာရှိများက အာဆီယံသံရုံးများ၏ စည်းလုံးညီညွတ်မှုအပေါ် ပြောဆိုလိုခြင်းမရှိသဖြင့် ဘက်စုံသံတမန်ရေးရာပွဲများတွင် စစ်ကောင်စီကိုယ်စားလှယ်များ၏ တည်ရှိမှုကို အထိုက်အလျှောက်သည်းခံနေကြရခြင်းဖြစ်သည် ဟုလည်း ၄င်းကဆိုသည်။

အထူးသဖြင့် မြန်မာနိုင်ငံအပေါ် ချက်နိုင်ငံပေါ်လစီ ပြောင်းသွားခြင်း မဟုတ်။ ယုတ်စွအဆုံး အာဆီယံ ပေါ်လစီ အပြောင်းအလဲရှိခဲ့သည့်တိုင်၊ ၄င်းသည် ချက်နိုင်ငံ၏ မြန်မာနိုင်ငံအပေါ် ထားရှိသော ပေါ်လစီအား အနည်းငယ်မျှသော ဂယက်ရှိမည်ဖြစ်ပြီး၊ ၄င်းသည် ချက်သမ္မတနိုင်ငံက အမှန်တကယ် လုပ်ဆောင်သည့် အခြေအနေများအပေါ် အနည်းငယ်မျှပင် လွှမ်းမိုးမှုမရှိဟု Igor Blazevic ကရေးသားထားသည်။

ဥပမာအားဖြင့်၊ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ချက်ပါလီမန်၏ နိုင်ငံခြားရေးရာကော်မတီသည် မြန်မာ့ဒီမိုကရေစီမျှော်မှန်းချက်များအတွက် ချက်သမ္မတနိုင်ငံမှ ထောက်ခံကြောင်း ထပ်မံအတည်ပြုခဲ့သည်။ ဆုံးဖြတ်ချက်၏ အဓိကအချက်များကို ချက် နိုင်ငံခြားရေးရာကော်မတီက ကြေငြာခဲ့ရာတွင်

“၁။ ချက်သမ္မတဟောင်း Václav Havel နှင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ နှင့်နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အကြား ကာလရှည်ကြာ ချစ်ကြည်ရင်းနှီးမှုအပေါ် အခြေခံ၍ မြန်မာနိုင်ငံပြည်သူများ၏ ဒီမိုကရေစီမျှော်မှန်းချက်များအတွက် ချက်သမ္မတနိုင်ငံမှ ထောက်ခံမှုကို အမြဲအမှတ်ရ သတိပြုပါသည်။

၂။ အစိုးရအာဏာကို တရားဝင်ဖြစ်စေရန် သို့မဟုတ် ဝါဒဖြန့်ရန် အမြတ်ထုတ်နိုင်သည့် မြန်မာစစ်အာရှင်ကိုယ်စားလှယ်များနှင့် တွေ့ဆုံခြင်းမှ ရှောင်ကြဉ်ရန် အစိုးရအဖွဲ့အစည်းများနှင့် ဒေသဆိုင်ရာအာဏာပိုင်များကို တောင်းဆိုထားသည်။

၃။ နိုင်ငံရေးအဆင့်အရေးကိစ္စများတွင် စစ်အာဏာရှင်ကိုယ်စားလှယ်များအား အဖြစ်သဘော ဝတ်ကျေတမ်းကြေ ဧည့်ခံခြင်းမျိုးသည်ပင်လျှင် လူသားမျိုးနွယ်အပေါ် ကျူးလွန်ထားသော ရာဇ၀တ်မှုများ၊ စစ်ရာဇ၀တ်မှုများ ကျူးလွန်ထားသော စစ်အုပ်စုအား တရားဝင်ဖြစ်စေသည်။

၄။ ထိုသို့သော လုပ်ရပ်များသည် ချက်သမ္မတနိုင်ငံ၏ တရားဝင် နိုင်ငံခြားရေးမူဝါဒနှင့် ဥရောပသမဂ္ဂ၏ တရားဝင် သံတမန်ရေး ရပ်တည်ချက်နှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး၊ စစ်အာဏာရှင်အုပ်စု၊ ခေါင်းဆောင်များနှင့် ၎င်း၏ စီးပွါးရေးအဆောက်အအုံများအပေါ် ၉ ကြိမ်တိတိ ပိတ်ဆို့အရေးယူမှု ပြုလုပ်ထားသည်။

၅။ ချက်သမ္မတနိုင်ငံသည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ မိတ်ဖက်အဖြစ် အသိအမှတ်ပြုသည့် ပထမဆုံး ဥရောပနိုင်ငံတစ်နိုင်ငံ ဖြစ်သောကြောင့် နိုင်ငံရေးအရ ဆက်ဆံပူးပေါင်းဆောင်ရွက်ခြင်းများတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် အခြားယုံကြည်စိတ်ချရသူ ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ချက်နိုင်ငံခြားရေးဝန်ကြီးဌာနကို တိုက်တွန်းထားသည်” ဟုဖော်ပြထားသည်။

အရေးအကြီးဆုံးမှာ၊ အရှေ့အာရှဖိုရမ်မှ တင်ဆက်ခဲ့သည့် ဆောင်းပါး၏ ခေါင်းစဉ်သည် ချက်သမ္မတနိုင်ငံသည် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုကို စွန့်လွှတ်နိုင်သည်ဟု အထင်မှားစေနိုင်သည့် အဓိပ္ပယ်ဖွင့်ရေးသားမှုမျိုးကို ဖော်ပြခဲ့သည်။ ဤအဓိပ္ပာယ်ဖွင့်ဆိုချက်သည် မမှန်ပါ။

Igor Blazevic က နောက်ဆုံးထပ်လောင်းပြောကြားလိုသည့် အချက်အနေဖြင့် ဖော်ပြခဲ့သည်မှာ ချက်သမ္မတနိုင်ငံသည် မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုနှင့်အတူ ဆက်လက်ရပ်တည်နေပြီး၊ မြန်မာ့ဒီမိုကရေစီအရေး ၎င်း၏ကတိကဝတ်သည် မယိမ်းယိုင်ကြောင်း လူတိုင်းကို အာမခံနိုင်သည် ဟူ၍ပင်ဖြစ်သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article