ရန်ကုန်၊ ဇန်နဝါရီ ၈
မန္တလေးတိုင်းတွင် တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် -TNLA သိမ်းပိုက် ထိန်းချုပ်ထားသည့် မိုးကုတ် မြို့အရှေ့ပိုင်းကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၃၀ ကျော်ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသ ပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဇန်နဝါရီလ ၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ခန့်တွင် မိုးကုတ်မြို့ အရှေ့ပိုင်းရှိ ဂေါက်ကွင်း ကျောက်လုပ်ကွက်နှင့် မစိုးရိမ်ကျောင်းတို့ကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးသီး အလုံး ၃၀ ကျော် ကျဲချတိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုအခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။
“မိုးကုတ် အရှေ့ပိုင်း ဂေါက်ကွင်း ကျောက်လုပ်ကွက်နဲ့ မစိုးရိမ် ကျောင်းကို Y-12 နဲ့ ဗုံးလာ ကျဲသွားတာ ထိခိုက် ပျက်ဆီးမှုကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ဗုံးသီးက အလုံး ၃၀ ကျော်တယ်။ အဓိက ပစ်မှတ်က ဂေါက်ကွင်း၊ ညောင်သုံးပင် နေရာတွေပါ” ဟု ဒေသ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မိုးကုတ်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၅ ရက်နေ့တွင် တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် – TNLA က သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး နိုဝင်ဘာလ ၁၁ ရက်နေ့ကလည်း အကြမ်းဖက်စစ်ကောင် စီတပ်က မိုးကုတ်မြို့ကို ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၁၆ ဦး၊အမျိုးသမီး ၄ ဦးသေဆုံးခဲ့ပြီး ၁၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း TNLA က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar