31 C
Yangon

ရက္ခိုင့်တပ်တော် AA ၏ ပြန်ကြားရေးတာဝန်ခံ ခိုင်သုခနှင့်ဆက်သွယ်မေးမြန်းချက်

Must read

By ရန်ကုန်ခေတ်သစ်

“အဆိုး မဆိုနဲ့ ဆိုတဲ့စကားက လူမျိုးတုန်းသတ်ဖြတ်ပစ်မယ်ဆိုတဲ့ မြန်မာစစ် တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်း ဖော်ပြနေတာ။ အကောင်းဘက်ကို ဦးတည်နေတာထက် အဆိုးဘက်ကို ဦးတည်နေတယ်။ စစ်တိုက်ချင်လို့ရှိရင်လည်း အကြောင်းအမျိုးမျိုးပြပြီးတော့ တိုက်မှာပဲ။ အခုလည်းပဲ အကြောင်းအမျိုးမျိုးပြပြီးတော့ အာဏာသိမ်းထားတာပဲ”

အကြမ်းဖက် စစ်ရာဇဝတ်ခေါင်းဆောင် မင်းအောင်လှိုင် ခေါင်းဆောင်သော စစ်ကောင်စီသည် ရခိုင်ပြည်နယ်တွင် ပြဿနာများဖြစ်ပွားလာပါက စစ်တပ်ကို အဆိုးမဆိုရန် ယမန်နေ့ မေလ ၁၉ ရက်နေ့တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တွင် နောက်ဆက်တွဲ ဖြစ်လာနိုင်သော အခြေအနေများနှင့်ပတ်သက်ပြီး ရန်ကုန်ခေတ်သစ်သတင်းဌာနက AA ရက္ခိုင်တပ်တော် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခကို ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်တပ်က သူတို့ကို အဆိုးမဆိုနဲ့ ပေါ့။ ရခိုင်ပြည်နယ်မှာ ပြဿနာတက်လာရင်ဆိုပြီး ပြောတာက ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းရဲ့ ပြောဆိုချက်တွေကို ခြုံပြီးတော့ သုံးသပ်ကြည့်မယ်ဆိုရင်တော့ ဒါ ကျနော်တို့ရဲ့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် တစ်ခုခုဖြစ်လာလို့ရှိရင် မြန်မာစစ်တပ်ကို အဆိုးမဆိုနဲ့ ဆိုတဲ့စကားကို ကျနော်တို့ တွေ့တယ်။ ဒီဟာကတော့ ပြည်သူတွေကို တိုက်ရိုက်ခြိမ်းခြောက်တာဖြစ်သလို တစ်ခုခုဖြစ်လာလို့ရှိရင် လူမျိုးတုန်းသတ်ဖြတ်ပစ်မယ်ဆိုတဲ့ သူတို့မြန်မာစစ်တပ်ရဲ့ အစီအစဉ်ကို တိုက်ရိုက်ရည်ညွှန်းပြီးတော့ ဖော်ပြနေတာလို့ ကျနော်ကတော့ အဲဒီလိုပဲ သုံးသပ်တယ်။

မေး။ ။ အခုလက်ရှိအခြေအနေကိုရော ဘယ်လိုသုံးသပ်ပါသလဲ။

ဖြေ။ ။ စစ်ပွဲဖြစ်ရင်တော့ ပြည်သူတွေနစ်နာမယ်ဆိုတာက ထမင်းစားတဲ့သူတိုင်း သိတဲ့ကိစ္စဖြစ်တယ်။ အခုက စစ်မဖြစ်ဘဲနဲ့ ကျနော်တို့ ရခိုင်ပြည်သူတွေကို ငတ်ပြတ်အောင် လုပ်နေတာက ပိုပြီးတော့ ခံရခက်တယ်။ အခုက ကျနော်တို့ ရခိုင်ပြည်ထဲမှာ စစ်ဖြစ်နေတာထက် ပိုပြီးတော့ ဆိုးဝါးတဲ့ ငတ်ပြတ်မှုတွေ စီးပွားရေးအကျပ်အတည်းတွေ ရခိုင်ပြည်က လူတွေ အလုပ်အကိုင်မရှိတာတွေ နောက် ဒီ ကုန်ပစ္စည်းတွေ အဆမတန်စျေးတက်တာတွေ ကြားမှာ အမျိုးအမျိုးဒုက္ခခံနေရတာတွေက အများကြီး အခက်အခဲတွေကို ဖြစ်လာနေကြတယ်။ ဒီဟာတွေကို ပြေလည်အောင် ဖြေရှင်းဖို့ မကြိုးစားဘဲနဲ့ ပိုပြီးတော့မှ လုံခြုံရေးတင်းကျပ်လာတာတွေကတော့ မြန်မာစစ်တပ်ဟာ ဘယ်ဘက်ကို ဦးတည်ပြီးတော့ သွားနေသလဲဆိုတာကို ဒါအားလုံးသိတဲ့ကိစ္စဖြစ်တယ်။

မေး။ ။ လက်ရှိအခြေအနေတွေက အကောင်းလား အဆိုးလား။ ဘယ်ဘက်ကိုသွားနေတာလဲ။

ဖြေ။ ။ နောက်တစ်ခုကတော့ နေပြည်တော်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ ပြောလို့ရှိရင်တော့ ငြိမ်းချမ်းရေးပေါ့နော်။ အောက်ခြေမှာတော့ ထိပ်တိုက်တွေ့ရေး ပြည်သူတွေကို အကျပ်အတည်းဖြစ်စေရေး ဦးတည်ပြီးတော့မှ တောက်လျှောက် လုပ်နေတာတွေကို တွေ့ရတယ်။

ပြောရမယ်ဆိုလို့ရှိရင်တော့ အထက်က ပြောတာနဲ့ အောက်ခြေက လုပ်နေတာတွေက တလွဲစီဖြစ်နေတဲ့ ဟာတွေကို တွေ့ရတယ်။ ဒါတွေဟာ ပိုပြီးတော့မှ သံသယဖြစ်စရာကိစ္စတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ကတော့ မြန်မာစစ်ဘက်က ဘယ်လိုစကားလုံးမျိုးတွေ ပြောနေတယ်ဆိုတာထက် မြန်မာစစ်တပ်ဘက်က ဘာတွေ လုပ်နေလဲဆိုတာကို မြင်အောင်ကြည့်ပြီးတော့မှ လက်တွေ့ကျကျ အလုပ်လုပ်သွားမှာဖြစ်တယ်။

လက်ရှိ အခြေအနေကတော့ အကောင်းဘက်ကို ဦးတည်နေတာထက် အဆိုးဘက်ကို ဦးတည်နေတယ်လို့ပဲ ကျနော်တို့က အဲဒီလို သုံးသပ်တယ်။ နောက်တစ်ခုရှိတာက မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်း ပြောဆိုချက်တွေမှာ ပြည်သူတွေကို နစ်နာမှာစိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတာကတော့ ဒါဟာ ဘယ်ပြည်သူမှလည်း အယုံအကြည်ရှိမှာမဟုတ်ဘူး။ မြန်မာစစ်တပ်က ဘယ်တုန်းကမှ ပြည်သူတွေကို ထည့်တွက်ခဲ့တာမရှိဘူး။

ပြည်သူတွေ နစ်နာမှာစိုးလို့ သူတို့ စစ်မတိုက်ဘူးဆိုတာက ဒါက လုံး၀ ယုတ္တိမရှိတဲ့ အကြောင်းပြချက် တစ်ခုပဲဖြစ်တယ်။ ဘာကြောင့်လဲဆိုရင် မြန်မာစစ်တပ် လုပ်ခဲ့တဲ့ သမိုင်းတလျှောက်ကို ပြန်ကြည့်လို့ရှိရင် သူတို့ စစ်မတိုက်ချင်ရင်လည်း အကြောင်းအမျိုးမျိုးပြမှာပဲ။ စစ်တိုက်ချင်လို့ရှိရင်လည်း အကြောင်းအမျိုးမျိုးပြပြီးတော့ ဖြစ်အောင် တိုက်မှာပဲ။ အခုလည်းပဲ အကြောင်းအမျိုးမျိုးပြပြီးတော့ အာဏာသိမ်းထားတာပဲ။

ဒါတွေကို သုံးသပ်ကြည့်လို့ရှိရင် မြန်မာစစ်တပ်က ပြည်သူတွေ နစ်နာမှာစိုးလို့ စစ်မတိုက်ဘူးဆိုတာကတော့ ဒါဟာ ယုတ္တိမတန်တဲ့ စကားလုံးသာဖြစ်တယ်။ ပြောမယ်ဆိုလို့ရှိရင်တော့ သူတို့ မြန်မာစစ်တပ်အနေနဲ့ ဟိုဘယ်ခေတ်နဲ့မှ မတူအောင် အကျပ်အတည်းတွေကို ရင်ဆိုင်နေရတဲ့အတွက်ကြောင့်မို့လို့ ဒီလိုစကားမျိုးပြောတာသာဖြစ်တယ်လို့ ကျနော်ကတော့ သုံးသပ်တယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article