26 C
Yangon

ရွှေဘိုအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီးနောက် ပြန်လွတ်လာသည့် နိုင်ငံရေးအကျဉ်းသားများကို ရဲတပ်ဖွဲ့က ပြန်လည်ဖမ်းဆီး ငွေညှစ်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

စစ်ကိုင်းတိုင်း ရွှေဘိုအကျဉ်းထောင်မှ လွတ်ရက်စေ့ပြီး လွတ်မြောက်လာသည့် မိသားစုထံသို့ မပို့ဆောင်ဘဲ ရွှေဘိုမြို့မ ရဲစခန်းအတွင်း ထပ်မံ ဖမ်းဆီးချုပ်နှောင်ထားကာ ငွေကြေးတောင်းခံနေကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ရွှေဘိုအကျဉ်းထောင်၏ အထွက် အဝင်အ၀တွင်ပင် ရဲတပ်ဖွဲ့၏ ပြန်ဖမ်းဆီးခံရသူအများစုမှာ နိုင်ငံရေးအကျဉ်းသား အမျိုး သားအများစုဖြစ်ပြီး မိသားစုဝင်များနှင့်လည်း အဆက်အသွယ်ဖြတ်ခံထားရကြောင်း သိရှိရသည်။

“လက်ရှိမြေပြင်မှာ အခက်အခဲဖြစ်တာကို အခွင့်ကောင်းယူပြီးမှ လွတ်လပ်စွာ သွားလာခွင့် အပါအဝင် ငွေကြေး မတတ်နိုင်တဲ့ လူတွေက အင်မတန်မှ ခက်ခဲနေတယ် ။ ငွေကြေးတတ်နိုင်သူ တချို့ကတော့ အာဏာပိုင်တွေကို ငွေကြေးနဲ့ လာထုတ်ရတာမျိုး ဖြစ်နေတယ်။ အဲဒီတော့ လွတ်လာတဲ့ လူတွေကို မိသားစုဝင်တွေကို ပြန်မပို့ဘဲနဲ့ ပြန်ပေးဆွဲထားပြီး လူလိုချင်ရင် ငွေပေးရမယ်ဆိုတဲ့ဟာကို လက်ရှိ ရွှေဘိုမြို့မ ရဲစခန်းအပါအဝင် မှန်သာ ဘုန်းကြီးကျောင်းက စစ်တပ် တာဝန်ရှိသူတွေ ပူးပေါင်းပြီးတော့ မြေပြင်မှာ လာဘ်စားမှုတွေ ပြုလုပ်နေတာကို ကျွန်တော်တို့ ထုတ်ပြရခြင်းဖြစ်ပါတယ်။ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေလည်း အရေးယူဆောင်ရွက်ပေးကြဖို့ လူ့အခွင့်အရေးအဖွဲ့တွေ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ICRC လို အဖွဲ့တွေ အနေနဲ့ လူ့အခွင့်အရေး ရှုထောင့်အားဖြင့်သော် လည်းကောင်း ကျွန်တော်တို့ အဲဒီနေရာတွေမှာလည်း ကျန်းမာရေးစောင့်ရှောက်မှု အင်မတန်ညံ့ဖျင်းတဲ့ နေရာတွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ ဝင်ရောက်ပြီးမှ ကြည့်ရှုခွင့်ရရေး ဆောင်ရွက်ပေးဖို့ ကျွန်တော်တို့ အဖွဲ့အနေနဲ့ တိုက်တွန်းချင်ပါတယ်”ဟု မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ ပြန်လည်ဖမ်းဆီးနေခြင်းကို ၂၀၂၄ခုနှစ် အောက်တိုဘာလမှစ၍ ပြုလုပ်နေခြင်းဖြစ်ပြီး ၂၀၂၅ ဇန်နဝါရီလအတွင်း လွတ်ရက်စေ့ပြီးနောက် ပြန်လည်ဖမ်းဆီးကာ မည်သည့်ပုဒ်မနှင့်မျှ မစွဲဆိုထားဘဲ မြို့မရဲစခန်း၌ အကျဉ်းချခံထားရသူ ၁၀ ဦးကျော်ရှိကြောင်း၊ ထောင်အာဏာပိုင်နှင့် ရဲပူးပေါင်း၍ လွတ်ရက်စေ့နိုင်ငံရေးအကျဉ်းသားများကို လုံခြုံရေးအကြောင်းပြ ထပ်မံဖမ်းဆီးခြင်း ဖြစ်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

ထိုသို့ လွတ်ရက်စေ့ပြီးသည့်တိုင် ပြန်လည်ဖမ်းဆီးထားခြင်းသည် လွတ်လပ်စွာသွားလာခွင့်အား ပေါ်ပေါ်တင်တင် ဆက်လက်ချိုးဖောက်ခံနေရခြင်းဖြစ်ကာ မြို့မရဲစခန်း စခန်းမှူးနှင့်တာဝန်ရှိသူများအ‌နေဖြင့် ငွေကြေးတက်နိုင်သူများအား ငွေကြေးတောင်းခံမှုပြုပြီး ပြန်လွတ်ပေးခဲ့သည့်ကိစ္စရပ်များကို စီးပွားရေးဆန်ဆန် ပြုလုပ်နေကြောင်း၊ ငွေကြေးမတတ်နိုင်သူ အများစုကိုမူ မြို့မရဲစခန်းအနီးရှိ စစ်တပ်တပ်စွဲထားသည့် မှန်သာ ဘုန်းကြီးကျောင်းအတွင်း ခေါ်ယူဖမ်းဆီးထားသည်ကို တွေ့ရှိရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ထံမှ သိရှိရသည်။

၂၀၂၅ခုနှစ် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများအပါအဝင် ကျန်လများ၌ လွတ်ရက်စေ့ပြီးနောက် လွတ်မြောက်လာကြမည့် နိုင်ငံရေးအကျဉ်းသားများစွာ ရှိနေပြီး အဆိုပါ ပြန်လွတ်လာမည့်သူများ အလားတူ ဖမ်းဆီးခံထားရနိုင်ကြောင်းလည်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) မှ ဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ပြောဆိုသည်။

ဓာတ်ပုံ – ရွှေဘိုအကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရွှေဘိုအကျဉ်းထောင်။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article