ငါန်းဇွန်၊ လက်ပန်ကျင်းတောင်ရွာကို မီးရှို့ပြီး ရွာပြင်ထွက်လာသည့် စစ်တပ် ရှေ့ပြေးကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံး၊ စစ်တပ် ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံး
ရန်ကုန်၊ ဇန်နဝါရီ ၁၄
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ် လက်ပန်ကျင်းတောင်ရွာကို မီးရှို့ပြီး ရွာပြင်ထွက်လာသည့် အကြမ်းဖက် စစ်တပ် ရှေ့ပြေးကင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့ ခေါင်းဆောင်ကိုသက်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် ၇ နာရီခန့်တွင် လက်ပန်ကျင်းတောင်ရွာကို မီးရှို့ဖျက်ဆီးပြီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ်မှ စစ်ကောင်စီ တပ်သား ၅၀ ခန့်သည် ရှေ့ပြေးကင်းအဖြစ် ရွာပြင်ကို ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ ထိတွေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
“သူတို့က မြို့သာ စက်မှုဇုန် ကနေ စစ်ခွေး၊ ရဲခွေး၊ ပျူ စုစုပေါင်းအင်အား ၁၇၀နဲ့ လင်ပန်ကျင်းတောင်ရွာကို စစ်ကြောင်းစထိုးလာတာ အဲလို စစ်ကြောင်းစထိုးလာပြီး ရွာထဲကို လက်နက်ကြီးတွေ ပစ်ခတ် ဝင်ရောက်လာတယ်။ ရွာထဲဝင်ပြီး ရွာကို မီးရှို့တယ်။ မီးရှို့ပြီး ပြန်ထွက်လာတဲ့ ရှေ့ပြေးကင်း ၅၀ ကို ကျနော်တို့ ရွာရဲ့ မြောက်ဘက် စေတီအနီးကနေ ကင်းပုန်းဝတ်ပြီး လက်ဦးမှုယူပြီး စပစ်ခတ်ခဲ့တာ တိုက်ပွဲအကွာအဝေးက မီတာ ၃၀ လာက်ပဲ ကွာဝေးတယ်။ စစ်တပ်ဘက်က ၇ ယောက် နေရာတင် မျက်မြင် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိသွားတယ်” ဟု မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့၏ ခေါင်းဆောင်ကိုသက်ကြီးက ပြောဆိုသည်။
တိုက်ပွဲအတွင်း အထိနာသွားသည့် အကြမ်းဖက် စစ်သားများသည် လေယာဉ်နှင့် ကျေးရွာများကို ဆက်တိုက် ပျံဝဲခဲ့ပြီး ပစ်ကူပေးခဲ့ပြီးနောက် စစ်သား မသာ အလောင်းများကို မြို့သာစက်မှု ဇုန်ဘက် သယ်ထုတ်၍ တပ်ပြန်ဆုတ်သွားကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြင်းခြံခရိုင်တပ်ရင်း ၇ Zero ပျောက်ကြားတပ်ဖွဲ့ ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း ၆ ၊ ငါန်းဇွန်မြို့နယ် ပကဖ၊ နယ်မြေခံ တော်လှန်ရေးအင်အားစုအဖွဲများက ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်ကူဖြည့်နိုင်ရန် မန္တလေးခရိုင်တပ်ရင်း ၅ ကလည်းနောက်ချန် အရန်အင်အားနှင့် အသင့်ရှိနေခဲ့ကြောင်း သိရသည်။
ယင်း အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျေးရွာအတွင်း စစ်ကြောင်းထိုး မဝင်ရောက်မီက လက်ပန်ကျင်းရွာကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သောကြောင့် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး စစ်ကောင်စီ တပ်သားများက ကျေးရွာအတွင်းရှိ နေအိမ် ၄၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
“ကျနော်တို့ရွာကို စစ်တပ်က အကြောင်းမဲ့ မီးရှို့လို့ လူနေအိမ်၄၀၀ကျော် မီး လောင်ကုန်ပါပြီဗျာ။ သူတို့ရွာထဲမဝင်ခင် လက်နက်ကြီးနဲ့ပစ်ခတ်လို့ ကိုယ်ဝန်ဆောင် အမျိုးသမီးတစ်ဦး၊နောက်ထပ်အမျိုးသမီးတစ်ဦး၊အမျိုးသား၂ ဦးသေဆုံးခဲ့တယ်” လို့ ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
လက်ပန်ကျင်းတောင်ရွာသည် အိမ်ခြေ ၆၀၀ ရှိသည့် ကျေးရွာဖြစ်ပြီး အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စဉ် ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်ခဲ့ရပြီး ကျေးရွာအတွင်း ထွက်ပြေးရန် ခက်ခဲနေသည့် သက်ကြီးရွယ်အို ပြည်သူများကို ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်များက ကယ်ထုတ်ပေးခဲ့ကြောင်း သိရှိရသည်။