စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ စစ်တပ်နှင့် ဆိုင်သော အချက်အလက်များ ဖျက်ထားပြီး ကိုယ့်လုံခြုံရေး ကိုယ်ဂရုစိုက် သွားလာကြရန် စစ်ကောင်စီက လျှို့ဝှက် စာထုတ်ထား
ရန်ကုန်၊ ဇန်နဝါရီ ၁၅
စစ်မှုထမ်းဟောင်းများ ခရီးသွားလျှင် ဖုန်းထဲရှိ ဒေတာများကို ဖျက်ထားရန်နှင့် တတ်နိုင်လျှင် ဖုန်း ၂ လုံးကိုင်ဆောင်ရန် စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုက လျှို့ဝှက် စာတစ်စောင်ကို ဌာနချုပ်မှူး ကျော်မျိုးမင်း ဆိုသူက ဇန်နဝါရီလ ၁၄ ရက်နေ့ ရက်စွဲနှင့် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
ကချင်ပြည်နယ် ဗန်းမော်တွင် တိုက်ပွဲများ ပြင်းထန်နေ၍ ကချင်ပြည်နယ် စစ်ပြန် ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄ ဦး မန္တလေးဘက် ထွက်ပြေးစဉ် ဒီဇင်ဘာလ ၉ ရက်နေ့၌ ထီးချိုင့် ၊ မောင်းကုန်း ပူးပေါင်း ဂိတ်တွင် ခရီးသည်များ၏ ဖုန်းနှင့် ကွန်ပျူတာကို KIA နှင့် ပူးပေါင်း PDF တပ်ဖွဲ့များက စစ်ဆေးရာ စစ်ပြန်ဒေတာများကို တွေ့၍ ဖမ်းဆီးခံခဲ့ရသည့် ဖြစ်စဉ်အပြီးတွင် ထိုသို့ စာထုတ်လာခြင်း ဖြစ်ကြောင်း CDM ဗိုလ်ကြီး ဇင်ယော်ထံမှ သိရှိရသည်။
“ဖုန်းထဲမှာ စစ်တပ်နဲ့ ဆိုင်တဲ့ အချက်အလက်တွေ စစ်မှုထမ်းနဲ့ ဆိုင်တဲ့ အချက်တွေ ဖျက်ဖို့ ညွှန်ကြားတာ။ တကယ်တန်းဆိုရင် စစ်မှုထမ်းဟောင်းဆိုတာ စစ်တပ်ရဲ့ အဓိက အရန်အင်အားလို့ သူတို့ သတ်မှတ်ထားတာပေါ့။ ဒီအရန်အင်အားတောင် သူတို့ လုံခြုံအောင် မကာကွယ်နိုင်ဘူး ကိုယ့်အစီအစဉ်နဲ့ ကိုယ် ဂရုစိုက်ကြဖို့ သူတို့ လုံခြုံရေး ယူမပေးနိုင်တော့ဘူးဆိုတဲ့ အနေအထားမျိုးကို တွေ့ရပါတယ်”ဟု CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။
ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ကချင်ပြည်နယ် စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ ကာနယ် သိန်းဇော် (ငြိမ်း) နှင့် မိသားစု၀င် ၄ ဦးကို တော်လှန်ရေးအဖွဲ့များက ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။