19.6 C
Yangon

ထန်းတပင်၊ ကင်မွန်းချုံရွာတွင် စစ်တပ်က ၅ လကြာ တပ်စွဲထားပြီး ပြည်သူများကို ရွာထဲဝင်လိုပါက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သိန်း ၃၀ တောင်း၊ နတ်တလင်းတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

Must read

ထန်းတပင်၊ ကင်မွန်းချုံရွာတွင် စစ်တပ်က ၅ လကြာ တပ်စွဲထားပြီး ပြည်သူများကို ရွာထဲဝင်လိုပါက အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် သိန်း ၃၀ တောင်း၊ နတ်တလင်းတွင် စစ်တပ်က ကျေးရွာများကို မီးရှို့ဖျက်ဆီးနေ

ရန်ကုန်၊ ဇန်နဝါရီ ၁၈

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ကင်မွန်းချုံရွာတွင် အကြမ်းဖက် စစ်တပ်က ၅ လကြာ တပ်စွဲထားပြီး ပြည်သူများကို ရွာထဲပေးမဝင်တော့ဘဲ နေအိမ်ရှိ ပစ္စည်းများ ယူဆောင်လိုပါက တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ပေးရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

၂၀၂၄ ခုနှစ် ဩဂုတ်လပိုင်းမှ စတင်ပြီး ကင်မွန်းချုံရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းကာ ပြည်သူများကို ရွာထဲမှ နှင်ထုတ်ပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် တန်ဖိုးကြီး ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အိမ်မွေး တိရစ္ဆာန်များကို ယူ ဆောင်သွားကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ် ဝင်ရောက်စီးနင်းပြီးချိန်မှ စတင်၍ ကျေးရွာနေပြည်သူများသည် ရွာထဲကို ပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသည်မှာ ၅ လကျော်ကြာမြင့်နေပြီဖြစ်ပြီး ကျေးရွာထဲ၌လည်း အကြမ်းဖက် စစ်ကောင်စီ တပ်သား တချို့ကို တပ်စွဲရန် ထားရှိခဲ့ကြောင်း သိရသည်။

ကင်မွန်းချုံရွာအတွင်းတွင် စစ်တပ်က မိုင်းများ ထောင်ထားပြီး ကျေးရွာအတွင်းသို့ ခိုးဝင်ခဲ့သော ပြည်သူတချို့မှာ မိုင်းထိ၍ သေဆုံးမှုများ ဖြစ်ပေါ်ခဲ့ကြောင်း၊ ကင်မွန်းချုံရွာ အနီးနေထိုင်သော ပျူစောထီးများနှင့် စစ်တပ် သတင်းပေးများကလည်း ကင်မွန်းချုံရွာကို နေ့စဉ်ရောက်ရှိလာပြီး ပြည်သူပိုင် အိမ်သုံး ပရိဘောဂများ၊ မီးစက်များ၊ ဆိုလာများ၊ ရေခဲသေတ္တာများ၊ အဝတ်လျှော်စက်များ၊ ထမင်းပေါင်းအိုးများ၊ ဟင်းပေါင်းအိုးများ၊ အိုးခွက်များနှင့် အိမ်တံခါးများပါ မကျန်ဖြုတ်၍ ယူဆောင်နေကြောင်း သိရှိရသည်။

ကျေးရွာနေပြည်သူများသည် ရွာထဲသို့ ဝင်ရောက်၍ ကျန်ရှိနေသော ပစ္စည်းများကို ပြန်လည်ယူဆောင်ရန် သွားရောက်စဉ် ရွာထဲ၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပြည်သူ တစ်ဦးလျှင် ငွေကျပ် သိန်း ၃၀ ပေးဆောင်နိုင်မှ ရွာထဲကို ဝင်ရောက်၍ ပစ္စည်းများ ပြန်လည် ယူဆောင်ခွင့်ပေးကြောင်း သိရသည်။

“ကင်မွန်းချုံရွာကို စစ်တပ်က ဝင်စီးပြီး တစ်ရွာလုံးကို ရွာမှာပေးမနေဘဲ ရွာမှာရှိတဲ့ အိမ်မွေး တိရိစ္ဆာန် အပါအဝင် ပြည်သူတွေရဲ့ စားသောက်ကုန်တွေပါ အကုန်လုံးယူသွားတာ ပြည်သူတွေ တစ်ရွာလုံးနီးပါး အိမ်မပြန်နိုင်ကြတာ ၅ လရှိနေပြီ နောက်ပြီး ပျူစောထီးတွေနဲ့ စစ်ခွေး သတင်းပေးတွေက နေ့တိုင်း ရွာကိုလာပြီး ပစ္စည်းတွေယူဆောင်နေတယ်။ ပြည်သူတွေ ကိုယ့်အိမ်ကိုပြန်ပြီး ပစ္စည်းယူချင်ရင် ရွာမှာ တပ်စွဲထားတဲ့ စစ်ခွေးတွေကို တစ်ဦး သိန်း ၃၀ ပေးနိုင်မှ ပစ္စည်းယူခွင့်ပေးမယ်ဆိုပြီး ယုတ်မာနေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်ရှိ ကျေးရွာ ၃ ရွာကိုလည်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးမီးရှို့နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၁၆ ရက်နေ့မှ စတင်ပြီး နတ်တလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကျေးရွာ ၃ ရွာကို ဆက်တိုက်မီးရှို့ဖျက်ဆီးနေခြင်းကြောင့် ထောင်နှင့်ချီသော ပြည်သူများ ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“စစ်ခွေးတွေက ရွာတွေကို ဆက်တိုက် စစ်ကြောင်းထိုးပြီး မီးရှို့နေတာ ပြည်သူတွေ အကုန်လုံးလည်း ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်။ ပြည်သူတွေ ထိခိုက်မှု ရှိမရှိတော့ အတည်ပြုနိုင်ခြင်းမရှိသေးဘူး။ အကုန်လုံး ဘေးလွတ်ရာကို ရှောင်နေရတယ်။ လက်ရှိရှောင်နေရတာက ကျေးရွာ ၃ ရွာလောက်ရှိမယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – ၂၀၂၃ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် အင်းစရွာနှင့် တောင်ကြားရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးခြင်းကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article