အမ်း-ပဒါန်း လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိ
မကွေးတိုင်း၊ ငဖဲမြို့နယ်၊ အမ်း – ပဒါန်း လမ်းပိုင်းတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးကာ သေနတ် ၃ လက်နှင့်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း အရှိုချင်းကာကွယ်ရေးတပ် – ACDF မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက် ညနေ ၄ နာရီခန့်က ငဖဲမြို့နယ်၊ အမ်း – ပဒါန်းလမ်းပိုင်း တနေရာ တွင် စခန်းစွန့်ခွာ ထွက်ပြေးလာသည့် တပ်မ ၉၉ မှ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦးနှင့် အရှိုချင်း ကာ ကွယ်ရေးတပ် (ACDF) မှ တပ်စိတ် ၂ စိတ်တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ပွဲဖြစ်ခဲ့ကြောင်း သိရသည်။
ယင်းတိုက်ပွဲသည် ညနေ ၅ နာရီ ၁၅ မိနစ်အထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ MA 1 အမျိုးအစား သေနတ် ၃ လက်၊ ကျည်ဆန်နှင့် ကျည်အိမ်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း ACDF ရဲဘော်များ အထိခိုက် မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်
“ဘယ်ကနေ လာတာလဲဆိုတာတော့အတိအကျ မသိရဘူး။ အမ်းဘက်က ထွက်ပြေးလာတာတော့ မဟုတ်ဘူး။ စခတွေပြေးလာတာကို ကျနော်တို့က သိတယ်။ လူဦးရေဘယ်နှစ်ယောက်၊ လက်နက် ဘယ်နှစ် လက်နဲ့ပြေးလာတယ်ဆိုတာ သိလို့ တပ်စိပ် ၂ စိပ်နဲ့ ခွဲပြီးနေရာယူထားတာ၊ ပထမ တပ်စိပ် တစ်စိပ် က ပစ်ခတ်တဲ့အချိန်မှာ ပြန်ပြေးကြတာ၊ ပြန်ပေးတဲ့အချိန်မှာ ကြားဖြတ်ပြီး ပြန်တိုက်ခိုက် ကြ တာ၊ အဲဒီအချိန်မှာ ခွေး ၃ ကောင်သေတယ်၊ အတည်ပြုလို့ရတယ်၊ တိုက်ပွဲအတွင်းမှာဆိုတော့ လက်နက် ရရေးပဲ ဦးစားပေးပြီး လက်နက်ယူပြန်ဆုတ်ခွာခဲ့တာ၊ ၁၂ ယောက်က ပြန်ပြေးသွားတယ်၊ အဓိက တော့ တပ်စိပ် ၂ စိပ်နဲ့နေရာယူပြီး နယ်မြေရှင်းလင်းရေးလုပ်တာပါ။ မိဘပြည်သူတွေ အနေနဲ့ လည်း အစစအရာရာ ဂရုစိုက်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု အရှိုချင်းကာကွယ်ရေးတပ် – ACDF မှ သတင်း နှင့် ပြန်ကြားရေးတာဝန်ခံ ဆလိုင်းခနီလေဗွေက ပြောဆိုသည်။