ရန်ကုန်၊ မေ ၂၁
ကချင်ပြည်နယ်၊ ဖားကန့်မြို့ ဝှေ့ခါစျေးတွင် မေလ ၂ဝ ရက်နေ့ နံနက် ၈ နာရီခန့်က အရပ်ဝတ်ဖြင့် စျေးလာဝယ်သည့် ဗိုလ်တစ်ဦးနှင့် တပ်သား တစ် ဦးကို ကချင် လွတ်မြောက်ရေး တပ်မတော် (KIA) တပ်မဟာ ၉ အမှတ် ၆ တပ်ရင်းက ဖမ်းဆီး ထိန်းသိမ်းခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်များ ထံမှ သိရသည်။
“KIA က ဖမ်းလိုက်တဲ့ စစ်ဗိုလ် ၂ ပွင့်မှာ ပစ္စတိုပါလာတယ်။ တပ်သားကတော့ လက်နက်မပါဘူး။ အဲဒါ ပြန်မလွှတ်ပေးရင် ပစ်မယ်ခတ်မယ်နဲ့ အခြေအနေက တင်းမာနေတယ်။ နောက်ပြီး အင်းတော်ကြီးဘက်က တက်လာတဲ့ စစ်ကြောင်းကိုလည်း ဝှေ့ခါးမှော်ဟိုဘက်မှာ KIA က မိုင်းဆွဲ တိုက်ခိုက်တယ်။ စစ်တပ်က ဖားကန့်ဘက်ကို စစ်ကြောင်း မျိုးစုံ တက်လာနေတယ်။ မနေ့ကလည်း KIA စခန်းတွေရှိတဲ့ဘက်ကို စစ်တပ်က လက်နက်ကြီးတွေနဲ့ ၅ ချက်လောက်ပစ်တယ်” ဟု KIA သတင်းရင်းမြစ်က ပြောသည်။
ထို့ပြင် မေလ ၂ဝ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်ခန့် တွင်လည်း KIA တပ်မဟာ ၉ အမှတ် ၆ တပ်ရင်း ထိန်းချုပ် နယ်မြေရှိ Myanmar Takong Company မှော်နယ်မြေအတွင်းသို့ ဝင်ရောက်လာသော အကြမ်းဖက် စစ်တပ် တပ်မ – ၉၉ မှ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနှင့် KIA အမှတ် ၆ တပ်ရင်းတို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်သားများ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက် မသိရသေးကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။
“ဖားကန့်မှာတော့ စစ်ရေးက အတော်ကို တင်းမာနေတယ်။ သိပ်မကြာခင်တော့ ချကြမယ်ထင်တယ်” ဟု ဒေသခံ သတင်းရင်းမြစ်က ပြောဆိုသည်။
ဓာတ်ပုံ- KIA တပ်ဖွဲ့ဝင်များ။
Photo- Time