25 C
Yangon

မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို SSLRU နှင့် SSRY တပ်ဖွဲ့မှ သွားရောက် ကယ်ထုတ်

Must read

မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို SSLRU နှင့် SSRY တပ်ဖွဲ့မှ သွားရောက် ကယ်ထုတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၉

ရှမ်းပြည်နယ် နှင့်ကရင်နီ ပြည်နယ် အစပ် မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို သွားရောက် ကယ်ထုတ်နိုင်ခဲ့ကြောင်း Southern Shan Local Revolution Union အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ နံနက် ၁ နာရီခန့်တွင် မိုးဗြဲမြို့ အခြေစိုက် ခမရ ၄၂၂ တပ်ရင်းတွင် တာဝန်ကျနေသော ခမရ (၅၀၈) တပ်ရင်း မှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့က သွားရောက်ကယ်ထုတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အလင်းဝင်ရောက်လာသော တပ်သားသစ် ၄ ဦးသည် အကြမ်းဖက် စစ်ကောင်စီ၏ စစ်မှုထမ်း ကြေညာပြီးနောက် မတရား ပေါ်တာဆွဲ ဖမ်းဆီးပြီး လူသစ်စုဆောင်းခြင်း ခံရသူများ ဖြစ်ပြီး ၎င်းတို့ စိတ်ဆန္ဒမပါဘဲ တာဝန်ထမ်းဆောင်နေရသည့်အတွက် ဇန်နဝါရီလ ၂၅ ရက်နေ့တွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များထံ အလင်းဝင်ရောက်ရန် စတင် ချိတ်ဆက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ ချိတ်ဆက်လာခြင်းကြောင့် ရှမ်းပြည် (တောင်ပိုင်း) ဒေသခံတော်လှန်ရေးတပ်ပေါင်းစု (SSLRU) နှင့် အမှတ် (၁၀၀၈) တပ်ရင်း (SSRY) တို့ က ပူးပေါင်း၍ ဇန်နဝါရီလ ၂၆ ရက်နေ့တွင် စစ်ဆင်ရေး စတင်ဖော်ဆောင်ခဲ့ပြီး ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ၄ ဦးလုံးကို အောင်မြင်စွာ ကယ်ထုတ်နိုင်ခဲ့ခြင်းဖြစ်ကြောင်း Southern Shan Local Revolution Union အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရှင်းပြသည်။

စစ်မှုထမ်း တပ်သားသစ် ၄ ဦးကို SSLRU နှင့် SSRY မှ လုံခြုံသည့် နေရာတွင် ထားရှိ၍ နွေးထွေးစွာကြိုဆိုခဲ့ကြောင်း၊ ၎င်းတို့၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ရွေးချယ်ခွင့်များပေးသွားမည် ဖြစ်ပြီး တပ်ဖွဲ့များ အနေဖြင့် မတရား တပ်သားသစ် စုဆောင်းခံရသော စစ်မှုထမ်းများ နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လှိုက်လှဲစွာ ကြိုဆိုလျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီထံမှ ရုန်းထွက်၍ ပြည်သူလူထုနှင့်အတူ ပူးပေါင်းပါဝင်ကြပါရန် Southern Shan Local Revolution Union အဖွဲ့က အသိပေး နှိုးဆော်ထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article