ရန်ကုန်၊ မေ ၂၂
ရှမ်းပြည်နယ်နှင့် ကယားပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့နယ် ဆီးလော့ရွာအနီး တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ၄၂၂ တပ်ရင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မေလ ၁၉ ရက်နှင့် ၂၀ ရက်နေ့တို့တွင် သွားရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း Inle People Defense Force(IPDF) တပ်ဖွဲ့ထံမှ သိရသည်။
မေလ ၁၉ ရက်နေ့ တိုက်ပွဲသည် နံနက်ပိုင်းမှ စတင်ကာ တစ်နေကုန် နီးပါးပြင်းထန်ခဲ့ပြီး IPDF တပ်ဖွဲ့က ဆီးမီးလော့ရွာအနီးတွင် စခန်းချထားသော ၄၂၂ တပ်ရင်းကို စခန်းအား Location အတိအကျဖြင့် Scouting လုပ်ခဲ့ပြီး စစ်မြေပြင်တွင် အကြမ်းဖက်စစ်တပ်မှ လက်နက်ကြီး ၆၀ မမ၊ ၁၂၀ မမ နှင့် ၇၉ တို့ဖြင့် အဓိကသုံးကာ တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး တပ်ဖွဲ့များက လက်နက်ကြီး ၆၀ မမ များဖြင့် ပြန်လည်ခုခံခဲ့ကြောင်း သိရသည်။
ထို ၁၉ ရက်နေ့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ် ဘက်မှ စစ်သား ၅ ဦးသေဆုံးပြီး ထိခိုက် ဒဏ်ရာရရှိသူ ၃ ဦးရှိခဲ့ကာ Inle PDF တပ်ဖွဲ့မှ ရဲဘော် ၁ ဦး လက်ဝဲဘက်လက်မောင်းတွင် လက်နက်ကြီးစမှန်ကာ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မေလ ၂၀ ရက်နေ့ တိုက်ပွဲတွင်သည်လည်း ဆီးမီးလော့ရွာအနီးတွင်သာ ဖြစ်ပွားခဲ့ပြီး အကြမ်းဖက် စစ်တပ်ဘက်မှ စစ်သား ၃ ဦး ထပ်မံ တိုက်ခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
လက်ရှိချိန်ထိ အဆိုပါ ဒေသ၌ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး ဒေသခံ ပြည်သူများ အနေဖြင့် ဘေးလွတ်ရာကို အမြန်ဆုံး ရှောင်ရှားကြရန် IPDF တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ဆီးမီးလော့ရွာ အနီး စခန်းချထားသော အကြမ်းဖက် စစ်တပ်ကို Inle People Defense Force(IPDF)၊ Pekhon PDFတပ်ရင်း ၂ ၊ KNDF နှင့် ကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်း တိုက်ခိုက် နေခြင်းဖြစ်ကြောင်း သိရသည်။