25 C
Yangon

ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ၂ ဦး သေဆုံး၊ ကလေးရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး

Must read

ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်မှု ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ၂ ဦး သေဆုံး၊ ကလေးရှိ ကျေးရွာ ၂ ရွာကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲမှု ပြည်သူ ၁ ဦးသေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို အကြမ်းဖက် စစ်တပ်က ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦးနှင့် တော်လှန်ရေး ၂ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ကလေးမြို့မှ တက်လာသည့် လေယာဉ်ဖြင့် ကနီမြို့နယ်၊ ထောက်ကြံ့ကုန်းရွာအနီးကို ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှု အတွင်း ယာတောထဲတွင် အိမ်ဆောက်နေသည့် ပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး ကားဖြင့်လာသည့် တော်လှန်ရေး ရဲဘော် ၂ ဦးကျဆုံးကာ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

“ရွာပေါ် တည့်တည့်မကျလို ကံကောင်းသွားတာ ရွာရဲ့ တောင်ဘက်ကို ချသွားတာ အဲလိုချလို့ ယာတောအတွင်း အိမ်ဆောက်ပြီး နေတဲ့ အဖိုးနဲ့ ကောင်လေး ၂ဦး သေဆုံးတယ်။ နောက်ပြီး ဘယ်ကမှန်းမသိတဲ့ ကားနဲ့ လာတဲ့ PDF ရဲ ဘော် ၂ ဦလည်း သေဆုံးတယ်။ အဲဒီ PDF တွေထဲကပဲ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထောက်ကြံ့ကုန်းရွာသည် ချင်းတွင်းမြစ်အရှေ့ခြမ်း မြစ်ကမ်း ဘေးတွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ နီးပါးခန့်ရှိသော ကျေးရွာတစ်ရွာ ဖြစ်ကြောင်း သိရသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ တင်သားရွာနှင့် ဒိုးနွယ်ရွာ ကိုလည်း အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က တင်သားရွာကို လေယာဉ်ဖြင့် ထပ်မံဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး တင်သားရွာ အုပ်ချုပ်ရေးမှူး နေအိမ်ပေါ် ဗုံးသီး ကျရောက်ခဲ့ပြီး ပြည်သူ ၁ ဦး သေဆုံးကာ ၁ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နံနက် ၁၁ နာရီ ၁၈ မိနစ်ခန့်တွင်လည်း ဒိုးနွယ်ရွာကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“တင်သားရွာနဲ့ ဒိုးနွယ်ရွာကို စစ်ခွေးတွေ ဒီနေ့ ထပ်မံ ဗုံးကျဲသွားတာပါ။ တင်သားရွာကတော့ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦးထိခိုက်ဒဏ်ရာရတယ်လို့ သိရတယ်။ ဒိုးနွယ်ရွာကတော့ ပြည်သူတွေ ထိခိုက်မှု အခြေအနေ မသိရသေးဘူး။ နေအိမ်တွေ ပျက်စီးတာတွေတော့ ရှိပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article