33 C
Yangon

ရန်ကုန်တွင် စစ်မှုထမ်းအပတ်စဉ် ၁၀ အတွက် လူငယ်များကို နေ့အချိန်တွင်ပါ ဖမ်းဆီးမှုများ ဖြစ်နေ၊ မန္တလေး မြို့နယ် ၇ ခုတွင် ဇန်နဝါရီလ အတွင်း လူငယ် ၂၃၇ ဦး စစ်မှုထမ်းရန် ဖမ်းဆီးခံခဲ့ရ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ်နှင့် ရွှေပြည်သာမြို့နယ်တို့တွင် အကြမ်းဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ စစ်မှုထမ်း စာရင်းများ လိုက်ကောက်ပြီး လူငယ်တချို့ကို ပေါ်တာဆွဲ ဖမ်းဆီးကာ ပေါ်တာဆွဲထားသော လူငယ်များကို အုပ်ချုပ်ရေးမှူးရုံးများတွင် ထိန်းသိမ်းနိုင်ရန် လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလ ၂ ရက်နေ့တွင် မရမ်းကုန်းမြို့နယ် ၃ ရပ်ကွက်ရှိ အောင်သပြေ ၂ လမ်း အပါအဝင် လမ်းများအားလုံးတွင် အကြမ်း ဖက် စစ်တပ်နှင့် အုပ်ချုပ်ရေးမှူးများက စစ်မှုထမ်း စာရင်းများ လိုက်လံကောက်ခံသောကြောင့် လူငယ်တချို့ ထွက်ပြေး တိမ်း ရှောင်ခဲ့ကြောင်း၊ ထိုသို့စာရင်းကောက်ခံရင်းဖြင့် ဆိုက်ကားနင်းနေသည့် ကိုဝက်ကြီး ဆိုသူကို စစ်မှုထမ်းရန် ဖမ်းဆီးသွားခဲ့ကြောင်း၊ ယနေ့ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင်လည်း အကြမ်းဖက် စစ်တပ်က နှင်းဆီလမ်းနှင့် ရွှေမြဥ္ဇူ လမ်း များတွင် စစ်မှု ထမ်း လူငယ်များ၏ စာရင်းများကို ထပ်မံ ကောက်ခံသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“မရမ်းကုန်း ၃ ရပ်ကွက်မှာ စစ်မှုထမ်းဖို့ စာရင်း လိုက်ကောက်ပါတယ်။ အောင်သပြေ ၂ လမ်း နဲ့ အခြား လမ်းတွေမှာ စာရင်းကောက်ပြီးတာနဲ့ ဆိုက်ကားနင်းနေတဲ့ ကိုဝက်ကြီးကို စစ်မှုထမ်းဖို့ တစ်ခါတည်း ခေါ်သွားပါတယ်။ ဒီနေ့မှာ နှင်းဆီလမ်းနဲ့ ရွှေမြဥ္ဇူ လမ်းမှာ စစ်မှုထမ်းစာရင်း ထပ်လာကောက်မယ်လို့ ပြောထားတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ရွှေပြည်သာမြို့နယ်၊ လှော်ကား စမ်းချောင်းလေးရွာတွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က ထန်းပင်ကန်လမ်းနေထိုင်သည့် အသက် ၂၀ အရွယ် ကိုမျိုးမင်းဦး ကို ရာအိမ်မှုး လှနိုင် ဦးဆောင်သော စစ်ကောင်စီ တပ်သားများက ဆိုင်ကယ်များဖြင့် ရောက်လာပြီး စစ်မှုထမ်း စာရင်းတွင် ပါဝင်သည်ဟုဆိုကာ နေအိမ်ထဲထိ ဝင်ရောက် ပေါ်တာဆွဲ ဖမ်းဆီးသွားကြောင်း သိရသည်။

ရာအိမ်မှူး လှနိုင်သည် လှော်ကား စမ်းချောင်းလေးရွာနှင့် အနီးအနားရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး၍ စစ်တပ်ထဲ ထည့်ပေးသူဖြစ်ပြီး စစ်တပ်အတွက် စစ်သားအဓိက ရှာပေးနေသူဖြစ်ကြောင်း သိရှိရသည်။

” ကိုမျိုးမင်းဦးကို ရာအိမ်မူး လှနိုင် ဦးဆောင်တဲ့ စစ်ခွေးတွေက ဆိုင်ကယ်နဲ့ ရောက်လာပြီး နေအိမ်ထဲထိကို ပေါ်တာဆွဲ ဖမ်းဆီးသွားတာပါ။ လှနိုင် က ကျေးရွာထဲမှာကော အနီးအနားရွာတွေပါ လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးပေးတာမှာ ဦးဆောင်ပါဝင်နေတာပါ။ စစ်တပ်ကိုလည်း လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးဖို့ သူပဲ ခိုင်းစေနေတာ သူက စမ်းချောင်းလေး ဓမ္မိကာရုံဘုန်းကြီးကျောင်း ညာဘက် မျက်စောင်းထိုး လမ်းဆုံလမ်းခွမှာ နေထိုင်ပါတယ်။ သူ့အိမ်မှာက စျေးဆိုင် ကွမ်းယာဆိုင်နဲ့ ဘိလိယက်ခုံ တွဲဖွင့်ထားပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ထို့ပြင် မရမ်းကုန်းမြို့နယ် ၁ ရပ်ကွက်တွင်လည်း အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်နှင့် စစ်တပ်က ပေါ်တာဆွဲလာသော လူငယ်များ ထားရှိရန် ဈေးဘူတာအနီးရှိ ရပ်ကွက်ရုံးဟောင်းကို ရှင်းလင်းရေး လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့သို့ လုပ်ဆောင်ခြင်းသည် လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးပြီး အုပ်ချုပ်ရေးမှူးရေး ရုံးတွင် ဖမ်းဆီးထိန်းသိမ်းထားရန် အတွက်ဖြစ်ကြောင်း၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ ညက စတင်ပြီး လှည်းတန်းတွင် အကြမ်းဖက် စစ်တပ်က စစ်ကား ၂ စီး၊ ဆိုင်ကယ် ၂၀ စီးဖြင့် လမ်းသွားလမ်းလာ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးရန် ကင်းပတ်မှုများ လုပ်ဆောင်နေကြောင်း သိရသည်။

“မရမ်းကုန်း ၁ ရပ်ကွက် အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်က အရင် ၁ ရပ်ကွက် ရုံးဟောင်း အုပ်ချုပ်ရေးမှူး ဉာဏ်လှိုင် နေထိုင်ခဲ့တဲ့ စျေးဘူတာ နားက အုပ်ကြီးရုံးကို ရှင်းလင်းရေးလုပ်ဆောင်နေပါတယ်။ သူတို့ ပေါ်တာဆွဲလို့ရတဲ့ လူငယ်များတွေကို ထားဖို့ဆိုပြီး စီစဥ်နေပါတယ်။ အရင်က စိန်ဝင်းမြင့် ဖမ်းလာတဲ့ လူငယ်တစ်ချို့ ထွက်ပြေး လွတ်မြောက်မှုရှိလို့ ရုံးဟောင်းထဲမှ ပိတ်လှောင်ထားဖို့ လုပ်နေတာလို့ သိရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အုပ်ချုပ်ရေးမှူး စိန်ဝင်းမြင့်သည် လူမိုက် နန္ဒအောင် ၊ ဇေယျာထွန်း၊ သမိုင်းမြို့သစ် လူမိုက် အမည်ခံ ရာအိမ်မှူးများဖြင့်လည်း ရပ်ကွက်နေပြည်သူများကို မရမ်းကုန်း ၁ ရပ်ကွက် ပဌာန်းဓမ္မာရုံတွင် အစည်းအဝေးခေါ်၍ ရပ်ကွက်အတွင်းရှိ လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရမှု မရှိစေရဟုဆိုကာ စစ်မှုထမ်း လစဉ်ကြေး တစ်အိမ်လျှင် ငွေကျပ် ၁ သိန်းနှုန်း ကောက်ခံနေကြောင်း သိရသည်။

“စိန်ဝင်းမြင့်နဲ့ လူမိုက်တွေက လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးခံရမှု မရှိစေရဆိုပြီး စစ်မှုထမ်းကြေး ၁ အိမ်ကို ငွေကျပ် ၁ သိန်းလည်း လိုက်လံကောက်ခံနေပါတယ်။ ရပ်ကွက်ထဲမှာက အိမ်ခြေ ၃၀၀၀ ကျော်တယ်။ တစ်လကို သိန်းချီကို ရမှာ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ မန္တလေး မြို့နယ်၇ ခုတွင် ဇန်နဝါရီလ ၁ လလုံး စစ်မှုထမ်းရန် အတွက် စစ်တပ်က လူငယ် ၂၃၇ ဦးကို ဖမ်းဆီးသွားခဲ့ကြောင်း မန္တလေး သပိတ်အင်အားစုက သတင်းထုတ်ပြန်သည်။

စစ်တပ်က ဇန်နဝါရီလ ၁ ရက်နေ့ မှ ၃၁ ရက်နေ့အထိ ၁ လတာအတွင်း အောင်မြေသာဇံမြို့နယ် မှ လူငယ် ၃၂ ဦး ၊ချမ်းအေးသာဇံမြို့နယ်မှ ၂၇ ဦး၊ မဟာအောင်မြေမြို့နယ်မှ ၄၆ ဦး၊ ချမ်းမြသာစည်မြို့နယ်မှ ၃၀ ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှ ၃၅ ဦး၊

ပုသိမ်ကြီးမြို့နယ်မှ ၃၄ ဦး၊ အမရပူရမြို့နယ်မှ ၃၃ ဦး၊ စုစုပေါင်း ၂၃၇ ဦး ထက်မနည်း မတရားဖမ်းဆီးခံခဲ့ရကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီတပ်ဖွဲ့ဝင်များက လူငယ်များကို ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article