29 C
Yangon

ပြည်မြို့တွင် လူငယ်များကို ဖမ်းဆီးပြီး ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်ရွေးခိုင်းကာ ငွေမတတ်နိုင်သူများကို စစ်မှုထမ်းအဖြစ် ပို့ ဆောင်၊ ငပုတောတွင် အုပ်ချုပ်ရေးမှူး မိုးကျော်နှင့်အဖွဲ့က ငွေထုတ်ချေးပြီး စစ်မှုထမ်းတပ်သားများ စုဆောင်း

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

ပဲခူးတိုင်း၊ ပြည်မြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များက စစ်တပ်နှင့်ပူးပေါင်း၍ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီး ငွေညှစ်မှုများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇန်နဝါရီလပိုင်းမှ စတင်၍ ပြည်မြို့ ၇ ရပ်ကွက် ရာအိမ်မှူး ကျော်မျိုးနိုင်နှင့် လူမိုက်အဖွဲ့က ၇/၇ လမ်းရှိ ကပ်ကျော် ငြိမ်းချမ်းရေးဘုရား၊ ညောင်ပင်အောက်တွင် စခန်းချစုဖွဲ့ကြပြီး ညစဉ် ရပ်ကွက်အတွင်း ဧည့်စာရင်း စစ်ဆေးခြင်းများ လုပ်ဆောင်ကြောင်း၊ ယင်းနောက် လူငယ်များကို ဖမ်းဆီးငွေညှစ်ခြင်းများ လုပ်ဆောင်နေကြောင်း၊ ဖမ်းဆီးထားသော လူငယ်တစ်ဦးလျှင် ငွေကျပ် သိန်း ၇၀ ဖြင့် ပြန်လည် ရွေးထုတ်ခိုင်းပြီး ငွေကြေး မပေးနိုင်သူများကို စစ်တပ်ထဲ ပို့ဆောင်နေကြောင်း၊ ဧည့်စာရင်း စစ်ဆေးရာတွင်လည်း တံခါးမဖွင့်ပေးနေသည့် နေအိမ်များကို ရိုက်ချိုးဝင်ရောက်ပြီး ပြည်သူများကို ရိုက်နှက်ခြင်းများလည်း လုပ်ဆောင်ကြောင်း သိရှိရသည်။

“ပြည်မြို့ ၇ ရပ်ကွက်မှာ နေတဲ့ ရာအိမ်မှူး ကျော်မျိုးနိုင်ဆိုတဲ့ကောင်က ညဆိုရင် လူဆွဲ ငွေညှစ်လုပ်နေပါတယ်။ လူဆွဲတာတောင် ကျော်မျိုးနိုင်နဲ့ သူ့ရဲ့ လူမိုက်အဖွဲ့က စစ်တပ် ယူနီဖောင်းဝတ်ပြီး ဆွဲတာပါ။ ညဆိုရင် ၇/၇ လမ်းက ကပ်ကျော်ငြိမ်းချမ်းရေး ဘုရားက ညောင်ပင်အောက်မှာ သောက်စားလူစုပြီး ဧည့်စာရင်းစစ်တယ်။ လုံခြုံရေးအရ စစ်တယ်ပြောပြီး လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးတာပါ။ သူတို့ ဖမ်းပြီးတာနဲ့ ချက်ချင်း သိန်း ၇၀ နဲ့ရွေးနိုင်ရင် ပြန်လွှတ်ပေးတယ်။ မပေးနိုင်တဲ့သူဆိုရင် စစ်တပ်ထဲထည့်ပါတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

အလားတူ ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့တောင်ပိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး မိုးကျော်နှင့်အဖွဲ့များက လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးကာ စစ်တပ်ထဲသို့ ပို့ဆောင်သည့်အပြင် ငွေထုတ်ချေး၍ စစ်သားအဖြစ် စုဆောင်းမှုများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ငပုတောမြို့တောင်ပိုင်းရပ်ကွက်အတွင် အိမ်ခြေ ၁၀၀၀ ခန့်ရှိပြီး တစ်အိမ်လျှင် တစ်လ ငွေကျပ် ၂၆၀၀၀ ကျပ်ကောက်ခံကြောင်း၊ ယခုလမှစတင်၍ တစ်အိမ်လျှင် ငွေကျပ် ၆၀၀၀၀ ကျပ်အထိ တိုးမြှင့်ကောက်ခံလာကြောင်း၊ အုပ်ချုပ်ရေးမှူး မိုးကျော်နှင့်အဖွဲ့မှာ လစဉ် သိန်းရာချီဝင်ငွေရှိနေပြီး လက်ဖျားငွေသီးနေသော အုပ်ချုပ်ရေးမှူး မိုးကျော်နှင့်အဖွဲ့က လူငယ်များနှင့် မိဘများကို ငွေကြေးများ ချေးငှားပြီး အကြွေးပြန်အဆပ်မခံဘဲ စစ်တပ်ထဲသို့ ပို့ဆောင်နေကြောင်း သိရှိရသည်။

” ငပုတောတောင်ပိုင်း၊ ရွှေဝါထွန်းရပ်ကွက်မှာနေတဲ့ ဒေါ်အေးမူ၏သားကို အုပ်ကြီးက ဖဲဝိုင်းမှာ ဖဲချဖို့ ငွေ ၄၂ သိန်း ထုတ်ပေးမယ်။ အတိုးက တစ်လ ၈ သိန်းယူတယ်။ အတိုးနဲ့အရင်းပေါင်းတော့ သိန်း ၅၀ ပေါ့။ ဟိုက ဖဲရှုံး ပြန်မဆပ်နိုင်တော့ စစ်မှုထမ်းအဖြစ် စစ်ထဲလိုက်ရင် သိန်း ၆၀ ပေးမယ်၊ အကြွေးလည်းကျေ၊ နောက်ထပ် ၁၀ သိန်းလည်းရမယ်ပေါ့။ အုပ်ကြီးမိုးကျော်ပေးနေတဲ့ ပိုက်ဆံတွေကလည်း ပြည်သူတွေဆီက လစဉ်ကောက်ထားတဲ့ပိုက်ဆံတွေပဲ။ မနှစ် မေလကနေစပြီး တစ်အိမ်ထောင်ကို ၂၆၀၀၀ ကျပ်နဲ့ အိမ်ထောင်စု ၁၀၀၀ ကိုကောက်ခဲ့တာ။ ၉ လရှိနေပြီ။ ဒီလကစပြီး တစ်အိမ်ထောင်ကို ငွေ ၆ သောင်းတိုးကောက်တယ်။ အဲဒီပိုက်ဆံနဲ့ လူငယ်တွေနဲ့ မိဘတွေကို ငွေလိုက်ချေးပြီး စစ်သားစုတာ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ထို့ပြင် အုပ်ချုပ်ရေးမှူး မိုးကျော်နှင့်အဖွဲ့က စစ်မှုထမ်းဥပဒေအကြောင်းပြ၍ ငွေကြေးကောက်ခံမှုများကို တိုင်ကြားပါက တိုင်ကြားသူနှင့်မိသားစုကိုပါ ဖျက်ဆီးနင်းချေပြမည်ဖြစ်ကြောင်း၊ သားယောင်္ကျားလေးရှိသူဆိုပါက စစ်တပ်ထဲပို့ဆောင်မည်ဖြစ်ကြောင်း စသည်ဖြင့် ပုံစံအမျိုးမျိုးဖြင့် လူထုကို ခြိမ်းခြောက်လျက်ရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဦးစီးသော ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ရပ်ကွက်နှင့်ကျေးရွာအုပ်ချုပ်ရေးမှူးများ ဦးစီးသော ပြည်သူ့လုံခြုံရေးအဖွဲ့ဝင်များ။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article