ဒေါ်အောင်ဆန်းစုကြည် နေအိမ်ကို ဈေးလျှော့ပြီး တတိယအကြိမ် လေလံတင် ရောင်းချမှု မအောင်မြင် ၊ ဝယ်သူမရှိသော လေလံပွဲမှာ ၁ မိနစ်ကျော်မျှသာ ကြာမြင့်
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ တက္ကသိုလ်ရိပ်သာလမ်းက ခြံအမှတ် ၅၄ နဲ့ နေအိမ်ကို ဖေဖော်ဝါရီလ ၅ ရက် ဒီနေ့မှာ တတိယ အကြိမ်လေလံတင်ရောင်းချခဲ့ပေမယ့် ဝယ်ယူသူမရှိဘဲ ပြီးဆုံးသွားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခြံအမှတ် ၅၄ နဲ့ နေအိမ်ကို လေလံကြမ်းခင်းဈေး ကျပ်ငွေ ၂၉၇ ဘီယီလံနဲ့ လေလံတင်ရောင်းချခဲ့ပေမဲ့ ဝယ်ယူသူမရှိတာကြောင့် လေလံပွဲ မအောင်မြင်ဘဲ ပြီးဆုံးသွားပါတယ်။
“တရားသူကြီးမက ထွက်လာပြီး ဝယ်မယ့်သူရှိလား ၃ ကြိမ်မေးတယ်။ မရှိတဲ့အတွက် လေလံမအောင်မြင်ဘူးဆိုပြီး ပြေးတော့တာပဲ။ လေလံပွဲက ၁ မိနစ်ကျော် အချိန်လေးပဲရှိမယ်” လို့ သွားရောက်သတင်းယူခဲ့တဲ့ သတင်းထောက်တစ်ဦးက ဆိုပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို ကျပ်ငွေ ၃၁၅ ဘီလီယံနဲ့ ပထမကြိမ်၊ ၃၀၀ ဘီလီယံနဲ့ ဒုတိယအကြိမ် လေလံတင် ရောင်း ချခဲ့ပေမယ့် ဝယ်ယူသူမရှိလို့ ဦးအောင်ဆန်းဦးက တရားရုံးမှာ ဦးတိုက်လျှောက်ပြီး စျေးထပ်လျှော့ လေလံတင်ရောင်း ချခိုင်းခဲ့တာဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်ကို လေလံဆွဲသူမရှိတာကြောင့် ဦးအောင်ဆန်းဦးဘက်က စျေးလျှော့ရောင်းချဖို့ တင်ပြတာ ၃ ကြိမ်ရှိပြီဖြစ်သော်လည်း လေလံတင်ရောင်းချမှုမအောင်မြင်သေးပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ခြံအမှတ် ၅၄ ကို ရောင်းချပြီး အမွေခွဲဝေဖို့ အတွက် ၂၀၀၀ ခုနှစ်ကတည်းကစတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
၂၀၁၆ ခုနှစ်မှာတော့ ရန်ကုန် အနောက်ပိုင်းခရိုင် တရားရုံးက ဒေါ်အောင်ဆန်းစုကြည်ကို သူမနေထိုင်ရာ အိမ်နဲ့ ခြံတစ်ဝက် ယူစေပြီး ကျန်အိမ်တစ်လုံးနဲ့ ခြံတစ်ဝက်ကို ဦးအောင်ဆန်းဦးက ရယူဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
ဒီအမိန့်ကိုမကျေနပ်လို့ NLD အစိုးရလက်ထက်မှာ ဦးအောင်ဆန်းဦးက ပြည်တော်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတက်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပါတယ်။
၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ စစ်ကောင်စီတရားလွှတ်တော်ချုပ်က ဦးအောင်ဆန်းဦးကို အနိုင်ပေးခဲ့ပါတယ်။
ဓာတ်ပုံ- ဒေါ်အောင်ဆန်းစုကြည်နှင့် ခြံအမှတ် ၅၄ မြင်ကွင်း။ (ပုံအဟောင်းဖြစ်ပါသည်။)
Photo- တိုင်းမ်။
(Connect Burman နှင့် ရန်ကုန်ခေတ်သစ် ပူးတွဲ ရေးသားသည်။)
![](https://yktnews.com/wp-content/uploads/2025/02/475477347_984386087122331_4253005989859259457_n.jpg)