ရန်ကုန်၊ ဖေဖော်ဝါရီ ၁၀
စစ်ကောင်စီက ပြဋ္ဌာန်းထားသော စစ်မှုထမ်းနည်းဥပဒေအရ စစ်မှုထမ်းရမည့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အလုပ် သမား လူငယ်များကို စစ်မှုထမ်းချိန် အလုပ်ရှင်က ဆက်လက် လစာပေးထားရန် သတ်မှတ်ထားမှုမှာလိုက်နာရန် ခက်ခဲပြီး လူငယ်များကို ဆက်လက်ခန့်ထားရန် မဖြစ်နိုင်တော့ကြောင်း လှိုင်သာယာနှင့် ရွှေပြည်သာ အပါအဝင် စက်မှုဇုန်တချို့မှ အလုပ်ရှင်တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ၂၃ ရက်နေ့ စစ်ကောင်စီက ပြဋ္ဌာန်းလိုက်သော ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၄၄ တွင် အလုပ်သမားတစ်ဦးသည် ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ရသည့်အခါ ယင်းအလုပ်သမား၏ အလုပ်ရှင်သည် အလုပ်သမားအတွက် အခကြေးငွေကို သက်ဆိုင်ရာ ဝန်ကြီးဌာနက သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ ၊ နည်းဥပဒေများ အမိန့်ကြော်ငြာစာများ၊ အမိန့်၊ ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရှိရသည်။
“နည်းဥပဒေမှာ အလုပ်သမားက စစ်မှုထမ်းရမယ့် အသက် ၁၈ နှစ်ကနေ အသက် ၃၅ နှစ်အတွင်းရှိရင် စစ်မှုထမ်းအလှည့်ကျရင် ကျနော်တို့က လစာ ဆက်ပေးထားရမယ်လို့ ပြဋ္ဌာန်းထားတယ်။ ဒါနဲ့ပတ်သက်ပြီး အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနကို မေးတော့လည်း လစာတော့ ဆက်ပေးရမယ်။ ဘယ်လောက်ပေးရမယ်ဆိုတာ သူတို့ စစ်မှုထမ်းဆင့်ခေါ်ရေး ဗဟိုအဖွဲ့က သတ်မှတ်မယ်ပြောတယ်။ အလုပ်မလုပ်တော့တဲ့ သူကို ကျနော်တို့က စစ်မှုထမ်းကာလ တစ်လျှောက်လုံး လစာဆက်ပေးရမယ်ဆိုတာ လက်ရှိ လုပ်ငန်းတွေ မကောင်းတာနဲ့ မဖြစ်နိုင်ပါဘူး။ အဲဒီတော့ စစ်မှုထမ်းအသက်အရွယ်အတွင်းရှိနေမယ့် လူငယ်တွေကို အလုပ်ကနေ ၃ လ နစ်နာကြေးပေးပြီး နားခိုင်းမယ်လို့ ဆုံးဖြတ်ထားတယ်” ဟု လှိုင်သာယာစက်မှုဇုန် အခြေစိုက် ကုန်ထုတ်စက်ရုံပိုင်ရှင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ထို့ပြင် စစ်မှုထမ်းနေသည့် အလုပ်သမားကို လစာပေးရမည့်အပြင် စစ်မှုထမ်းချိန် ပြီးမြောက်ပါကလည်း အလုပ်သမားက မူလအလုပ်ရှင်ထံသို့ သတင်းပို့သည့်အခါ ထိုအလုပ်သမားကို မူလအလုပ်အကိုင်ဖြစ်စေ၊ အလားတူအလုပ် အကိုင်ဖြစ်စေ ပြန်လည် ခန့်ထားရမည်ဖြစ်ကြောင်း ပြည်သူ့စစ်မှုထမ်းနည်းဥပဒေ ပုဒ်မ ၄၅ တွင် ပြဋ္ဌာန်းထားသည်။
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် အလုပ်သမားရှားပါးခြင်း မကြာခဏ ဖြစ်ပေါ်နေသည့်အပြင် လုပ်ငန်းများ တွက်ခြေမကိုက် ဖြစ်နေကြောင်း၊ စစ်မှု ထမ်းဥပဒေဖြင့် အလုပ်သမားကို စစ်မှုထမ်းအဖြစ် ခေါ်ယူမှုများ များပြားလာပါက စက်ရုံပိတ်ရန်မှ တစ်ပါး အခြားမရှိကြောင်း သံရည်ကြို စက်ရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
“စက်ရုံတွေက လျှပ်စစ်မီးမရဘူး။ အခွန်တွေမတရားကောက်ခံနေရတယ်။ စီးပွား ရေးက လည်ပတ်လို့ကို မရဘူး။ ကိုယ့်ဝန်ထမ်းလေးတွေကို စာနာလို့သာ စက်ရုံ လည်ပတ်နေတာပါ။ တကယ်က အမြတ်အစွန်းဆိုတာ ရှိကို မရှိဘူးဖြစ်နေတဲ့အချိန် စစ်မှုထမ်းနည်းဥပဒေပါ ပြဋ္ဌာန်းချက်အတိုင်း လိုက်နာဖို့ခက်တယ်။ ကျနော်တို့ စက်ရုံ အလုပ်က သံရည်ကြိုလုပ်တာဖြစ်တယ်။ အရွယ်ကောင်းအမျိုးသားတွေကို အဓိက ခန့်ပြီးလုပ်ရတာ။ အားလုံးကလည်း အသက် ၁၈ က နေ အသက် ၃၅ နှစ်အတွင်းတွေချည်းပဲ။ အသက်အကြီးဆုံးမှ မန်နေဂျာ အသက် ၄၃ နှစ်ပဲ ရှိတယ်။ နည်းဥပဒေအတိုင်းဆိုရင်တော့ စက်ရုံပိတ်ရုံကလွဲလို့ အခြားရွေးချယ်စရာမရှိဘူး။ ကျနော်တို့လည်း ဒီ ၂၀၂၅ တစ်နှစ်တောင့်ခံကြည့်ပြီးရင် လုပ်ငန်းနားဖို့ရှိပါတယ်” ဟု သံရည်ကြိုစက်ရုံ လုပ်ငန်းရှင်က ဆိုသည်။
လတ်တလော စစ်ကောင်စီက နိုင်ငံတစ်ဝန်းတွင် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း စစ်မှုထမ်းရန် အကျုံးဝင်သည့် အလုပ်သမားများစာရင်းကိုကောက် ခံ လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
![](https://yktnews.com/wp-content/uploads/2025/02/476413554_987478540146419_2588264932624352122_n.jpg)