ရန်ကုန်၊ မေ ၂၄
စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် တရော်ကျင်းရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁၂ နာရီခန့်တွင် ဒုတိယ အကြိမ် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၅ လုံး မီးလောင်ပြာကျခဲ့ကြောင်း နယ်မြေခံ သတင်းရင်းမြစ်ဖြစ်သည့် အလောင်းတော် ကဿပ နယ်မြေသတင်း အဖွဲ့ထံမှ သိရသည်။
တရော်ကျင်းရွာသည် မုံရွာ-ယာကြီး-ကလေးလမ်းပိုင်းတွင် တည်ရှိပြီး ကနီတွင် မိုင်းဆွဲ တိုက်ခိုက်ခံရသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကျေးရွာကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် တရော်ကျင်းရွာကို ပထမ အကြိမ် မီးရှို့ ဖျက်ဆီးစဥ်က နေအိမ် ၂၅ လုံး မီးလောင်ပြာကျခဲ့ပြီး ယခု ဒုတိယ အကြိမ် ဝင်ရောက် စီးနင်း မီးရှို့စဥ်တွင် ပြည်သူပိုင် နေအိမ် ၁၅ လုံး မီးလောင်ပြာကျခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
တရော်ကျင်းရွာကို အကြမ်းဖက် စစ်တပ် မီးရှို့ဖျက်ဆီးပြီးနောက် လက်ရှိအချိန်တွင် ဘန့်ဘွေးရွာသို့ ရောက်ရှိနေကာ အဆိုပါရွာသည် ပျူစောထီးများ နေထိုင်သော ကျေးရွာဖြစ်ကြောင်း ဒေသခံ ပြည်သူများက ပြောဆိုသည်။
အလားတူ အကြမ်းဖက် စစ်တပ်က မေလ ၂၁ ရက်နေ့ကလည်း ကနီမြို့နယ် အတွင်းရှိ ကျွန်းဖျားရွာ၊ ကနဲရွာနှင့် စိန်ကုန်းရွာတို့ကို ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ် ၁၀၀ ကျော်ကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်သည် ကျေးရွာများကို ဝင်ရောက် မီးရှို့မှု မပြုလုပ်မှီ မေလ ၂၀ ရက်နေ့၌ ကျေးရွာအတွင်းရှိ ပြည်သူပိုင် နေအိမ်များမှ ပစ္စည်းများကို လုယက် ယူဆောင်ကာ မေလ ၂၁ ရက်နေ့တွင် ဝင်ရောက် စီးနင်း မီးရှို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
” နတ်ကြီး၊ ရွာသာရွာနဲ့ ဝက်ချောင်းရွာတွေကို စစ်ခွေးတွေ မီးရှို့ပြီး နောက်နေ့ ကျွန်းဖျားရွာက အိမ်ခြေ ၈၀ လောက် ကနဲရွာက အိမ်ခြေ ၃၀ လောက်နဲ့ စိန်ကုန်းရွာက ၁ တို့ကို မီးထပ် ရှို့သွားတာ ပြည်သူတွေက ကြိုရှောင်နိုင်လိုက်လို့ ထိခိုက်မှုတော့ မရှိဘူး” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။
Photo – အကြမ်းဖက် စစ်တပ် မီးရှို့ ဖျက်ဆီးခြင်းကြောင့် ပြည်သူပိုင် နေအိမ် ၈၀ ခန့် မီးလောင်ပြာကျ ခဲ့သော ကျွန်းဖျားရွာ