ရန်ကုန်၊ မေ ၂၄
အကြမ်းဖက် စစ်တပ်လော်ဘီ Han Nyein Oo၏ တယ်လီဂရမ်စာမျက်နှာကို လူမှုစံချိန်စံညွှန်းများ ချိုးဖောက်မှုဖြင့် ဒုတိယအကြိမ်အဖြစ် Telegram က ဖြုတ် ချလိုက်ကြောင်း Telegram က အသိပေးထားသည်။
ယနေ့ည ၉ နာရီကျော်ဝန်းကျင်တွင် Han Nyein Oo တယ်လီဂရမ် ချန်နယ်ကို ဖြုတ်ချလိုက်ခြင်းဖြစ်ပြီး ဖြုတ်ချခံလိုက်ရသည့် စာမျက်နှာတွင် Followers ၇သောင်းခွဲ ရှိသည်။
ထိုတယ်လီဂရမ်မှတစ်ဆင့် စစ်အာဏာရှင် ဆန့်ကျင်သော ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်ရန်၊ အကြမ်းဖက်ရန် စစ်လော်ဘီ Han Nyein Oo က လှုံ့ဆော်နေခြင်းဖြစ်သည်။
မတ် ၁၁ ရက်နေ့ကလည်း ဒီမိုကရေစီအရေးလှုပ်ရှားသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားသူများကို ဖမ်းဆီးရန် လှုံ့ဆော်နေသည့် စစ်တပ်လော်ဘီ Han Nyein Oo ၏ Follower ၁ သိန်း ကျော်ရှိသော Telegram ကို လူမှုစံ နှုန်းများနှင့်မကိုက်ညီ၍ ပထမအကြိမ်အဖြစ် Telegram က ဖြုတ်ချခဲ့သည်။
လက်ရှိတွင် Han Nyein Oo ၏ Followers ၄ သောင်းခွဲရှိသော တယ်လီဂရမ် Channel တစ်ခုနှင့် Followers ၄၅၀၀ ရှိသော တယ်လီဂရမ်ချယ်နယ်အသစ်တစ်ခုကို ဖွင့်လှစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်သော ပြည်သူများကို ဖမ်းဆီး သတ်ဖြတ်ရန်၊ ပြည်သူများကို အကြမ်းဖက် ညှဉ်းပန်းနှိပ်စက်ရန် ဆက်လက်လှုံ့ဆော်မှုများ လုပ်ဆောင်နေဆဲဖြစ်ကြောင်း သိရှိရသည်။