ပေါင်မြို့နယ်၊ ထန်းပင်ချောင်ရွာတွင် စစ်တပ်နှင့် ပျူစောထီးများက အဖမ်းအဆီးလုံး၀ မရှိစေရဟု ကြေညာကာ လောင်းကစား ၀ိုင်း ကြီးများ အကြီးအကျယ် ဖွင့်လှစ်နေပြီး နေ့စဉ် လောင်းကြေးငွေ သိန်းရာထောင်ချီ လည်ပတ်လောင်းကစားခွင့်ပြု
နိုင်ငံရေးမလုပ်ရန်နှင့် လက်နက်မကိုင်လျှင် လောင်းကစား၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာ လုပ်ငန်း ကြိုက်တာလုပ်နိုင်ဟုနယ်မြေခံစစ်တပ်က ကြေညာ
ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ရွာတွင် စစ်တပ်နှင့် ပျူစောထီးများက အဖမ်းအဆီးလုံး၀ မရှိစေရဟုဆိုကာ လောင်း ကစား၀ိုင်းကြီးများ အကြီးအကျယ်ဖွင့်လှစ်ပြီး နေ့စဉ် သိန်းရာထောင်ချီ လောင်းကစားခွင့်ပြုလျက်ရှိကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇန်နဝါရီလ ပိုင်းမှာ စတင်၍ ပေါင်မြို့နယ်၊ ထန်းပင်ချောင်ရွာ အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက လောင်းကစားဝိုင်များ ပြုလုပ်၍ ငွေရှာနေကြောင်း၊ ထို့ပြင် လောင်းကစား ဝိုင်းအတွင်း မူးယစ်ဆေးဝါးများနှင့် အရက် ဘီယာများ သောက်သုံးခွင့်လည်း စိတ်ကြိုက် လုပ်ဆောင်ပေးနေကြောင်း သိရှိရသည်။
အဆိုပါ လောင်းကစားဝိုင်းများကို ၁ လ တိတိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း၊ ယင်းလောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကို ဒေသပြည်သူများက သက်ဆိုင်ရာ တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များ တိုင်ကြားချင်သော်လည်း အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများက သိရှိသွားပါက ဖမ်းဆီး သတ်ဖြတ်မည်ကိုလည်း စိုးရိမ်နေကြောင်း သိရှိရသည်။
ထို့ပြင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် လောင်းကစားဝိုင်းကို လာရောက်သော သူများနှင့် အနီးအနားရှိ ကျေးရွာများမှ လူငယ်များ၏ မှတ်ပုံတင် နှင့် အိမ်ထောင်စု စာရင်းများကို လိုက်လံ ကောက်ခံမှုများ လုပ်ဆောင်နေကြောင်း သိရသည်။
“ပေါင်မြို့နယ် ထန်ပင်ချောင်ရွာမှာ လောင်ကစားဝိုင်းတွေ ဖွင့်ထားတာ ၁ လ လောက်ရှိပြီး ဘယ်သူမှ အရေးမယူပေးဘူး။ စစ်ခွေးရော ပျူစောထီးရော ဦးဆောင်ပြီး ဖွင့်နေတာ တစ်လ တိတိဖွင့်မယ်လို့ပြောတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
စစ်တပ်က ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များထံသို့ လောင်းကစားလုပ်ချင်သူများ လာရောက် လောင်းကစားကြရန် ကြေညာခိုင်းနေကြောင်း၊ နိုင်ငံရေးမလုပ်ရန်၊ လက်နက်မကိုင်ရန်သာ အဓိကဖြစ်ပြီး မူးယစ်ဆေးဝါး၊ လောင်းကစား၊ ပြည့်တန်ဆာ ကြိုက်ရာ လုပ်နိုင်သည်ဟု စစ်တပ်က အသိပေး ပြောဆိုနေကြောင်း သိရှိရသည်။
![](https://yktnews.com/wp-content/uploads/2025/02/477117955_988277296733210_6374373401300179130_n.jpg)
![](https://yktnews.com/wp-content/uploads/2025/02/477832110_988277240066549_7789191834709765643_n.jpg)