26 C
Yangon

စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံနှင့်တန်းမြင့် စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်းသားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေး၊ စစ်တပ်က စစ်သင်တန်းတက်ရန် ကျောင်းသားကျောင်းသူများကို ခြိမ်းခြောက် ဖိအားပေး

Must read

စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံနှင့်တန်းမြင့် စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်းသားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေး၊ စစ်တပ်က စစ်သင်တန်းတက်ရန် ကျောင်းသားကျောင်းသူများကို ခြိမ်းခြောက် ဖိအားပေး

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

အကြမ်းဖက် စစ်ကောင်စီက တက္ကသိုလ်များတွင် အခြေခံ စစ်ပညာနှင့်တန်းမြင့်စစ်ပညာသင်တန်းများ ဖွင့်လှစ်နေပြီး ကျောင်း သားကျောင်းသူနှင့် ဆရာမ ၁၅၀၀ ကျော်ကို စစ်သင်တန်းပေးနေကြောင်း စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်နှင့် ရန်ကုန်ခေတ်သစ်သတင်းဌာန၏ စုံစမ်းမှုများအရ သိရှိရသည်။

နိုင်ငံတစ်ဝန်းရှိ တက္ကသိုလ်များ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများကို စစ်တပ်က စစ်သင်တန်းများ ယမန်နေ့မှစတင်၍ ဖွင့်လှစ်ပို့ချနေပြီး တက္ကသိုလ်လေ့ကျင့်တပ်သင်တန်းကျောင်း ၈ ခုတွင် ကျောင်းသားကျောင်းသူများနှင့် ဆရာဆရာမ ၁၅၀၀ ကျော် ကို စစ်သင်တန်းများပို့ချနေခြင်းဖြစ်ကြောင်း ၊ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ် လေ့ကျင့်ရေးအခြေ ခံစစ်ပညာသင်တန်းနှင့် တန်းမြင့်စစ်ပညာသင်တန်း ဖွင့်ပွဲများကို နေပြည်တော်ကောင်စီနယ်မြေတွင်လည်းကောင်း၊ ရှမ်းပြည် နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့တွင်လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင်လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်မြို့နယ်တွင် လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင်လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့တွင်လည်းကောင်း ဖွင့်လှစ်နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“စစ်တိုက်ရမှာတော့မဟုတ်ဘူး။ စစ်ပညာသင်ပြီး ကိုယ့်ကျောင်းကိုယ်ပြန်တက်ရုံပါပဲ။ ဒါပေမယ့် အရန်တပ်တွေအဖြစ်တော့ သတ်မှတ်ထားတယ်။ စစ်မှုထမ်းချင်တဲ့သူက ဆန္ဒပြု ရင်လည်း စစ်မှုထမ်းလို့ရတယ်။ အခုသင်တန်းတက်သူတွေက စစ်မှုထမ်းရမယ်ဆိုတာမျိုး မဖြစ်မနေ သတ်မှတ်ထားတာမရှိဘူး။ စစ်ပညာသင်ပေးတဲ့သဘောပါပဲ” ဟု ဒဂုံတက္ကသိုလ်မှ ကထိက တစ်ဦးက ရှင်းပြသည်။

ယခုဖွင့်လှစ်သော သင်တန်းများအနေဖြင့် ပထမနှစ်အခြေခံစစ်ပညာသင်တန်း၊ ဒုတိယနှစ်အခြေခံစစ်ပညာသင်တန်း၊ ပထမနှစ်တန်းမြင့်စစ်ပညာသင်တန်းနှင့် ဒုတိယနှစ် တန်းမြင့်စစ်ပညာသင်တန်းတို့ဖြစ်ပြီး သာမန်သင်တန်းချိန်နှင့် စခန်းချလေ့ကျင့်ချိန် အလိုက် သင်ကြားပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

ဒဂုံတက္ကသိုလ်မှ ဒုတိယနှစ် သင်္ချာဘာသာရပ်အထူးပြု တက္ကသိုလ်ကျောင်းသားတစ်ဦးက ယခု တက္ကသိုလ်က စီစဉ်သည့် စစ်ပညာသင်တန်းကို တက်ရောက်ပါက စစ်မှုထမ်း အဖြစ် ပေါ်တာဆွဲခံရခြင်းနှင့် ဖမ်းဆီးခံရခြင်း ကင်းလွတ်မည်ဟု စစ်တပ်က လာရောက် ဖိအားပေး စည်းရုံးကြောင်း၊ ဆရာ၊ ဆရာမများကလည်း ကျောင်းသားကျောင်းသူများကို မဖြစ်မနေ စစ်သင်တန်းတက်ရမည်ဟု ဖိအားပေးပြီး အမှတ်ပေးစာရင်းတွင် ယင်းသို့ စစ်သင်တန်းတက်ရောက်မှုကိုပါ ထည့်သွင်းအမှတ်ပေးမည်ဟု ခြိမ်းခြောက်ဖိအားပေး ကြောင်း ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article