နတ်တလင်း၊ ဆီဆုံကုန်းရွာတွင် PDF သတင်းကို လိုက်လံ စုံစမ်းနေသည့် စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ် ခံရပြီး သေဆုံး
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာတွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသည့် စစ်တပ် ဒေါက်တိုင် လင်မယား ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ၂ ဦးလုံး သေဆုံးခဲ့ကြောင်း Phoenix DF တပ်ခွဲမှူး ရဲဘော်နင်္ဂါးလေးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိန် နတ်တလင်းမြို့နယ်၊ ဆီဆုံကုန်းရွာတွင် PDF တပ်ဖွဲ့များ၏ သတင်းကို လိုက်လံ စုံစမ်းနေသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် အောင်မြင့်နှင့် မယားဖြစ်သူ တင်နွဲ့စန်းတို့ကို ပြည်သူ့ကာကွယ်ရေးတပ်မတော် သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း (P23801) ၊ တပ်ခွဲ-၂ (Phoenix DF) မှ တော်လှန်ရေး ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသွားသော အောင်မြင့်နှင့် မယားဖြစ်သူ တင်နွဲ့စန်းတို့သည် စစ်တပ် နှင့် ပူးပေါင်း၍ ပြည်သူများကို ခြိမ်းခြောက် အနိုင် ကျင့်ခြင်း၊ PDF တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကို စောင့်ကြည့်၍ စစ်တပ်ထံ သတင်းပေးပို့ခြင်း၊ မြို့ပေါ်တွင် စစ်တပ်နှင့် ပူးပေါင်းနေသော ချေးငွေလုပ်ငန်းများ (MAHA Micro Finance) ကို ရွာထဲဝင်ခိုင်းကာ တော်လှန်ရေး တပ်ဖွဲ့များ၏ လှုပ်ရှားမှုများကိုပါ လိုက်လံစုံစမ်းခိုင်းခြင်းများကြောင့် ပစ်ခတ်တိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“ဆီဆုံကုန်းရွာပြင်က သူတို့နေတဲ့ ရသေ့တောင်နားမှာ ခေါင်းကို သေနတ်နဲ့ ၁ ချက်စီ ပစ်ခတ်ရှင်းလင်းခဲ့တာ သူက စခ တွေဆီ တော်လှန်ရေးအဖွဲ့တွေရဲ့ လှုပ်ရှားသွားလာတာတွေကို သတင်းပို့နေတာ ဆီဆုံကုန်းရွာက ပြည်သူတွေရဲ့ နေအိမ်တွေက ပစ္စည်းတွေကို စစ်ခွေးတွေ သယ်ရာမှာလည်း အကူအညီပေးတယ်” ဟု Phoenix DF တပ်ခွဲမှူး ရဲဘော်နင်္ဂါးလေးကပြောဆိုသည်။
သာယာဝတီခရိုင် အမှတ် ၁ တပ်ရင်း (P23801) ၊ တပ်ခွဲ-၂ အနေဖြင့် အကြမ်းဖက် စစ်သား၊ ရဲ ၊ ပျူစောထီးနှင့် စစ်တပ် ဒေါက်တိုင်များကို ဆက်လက် တိုက်ခိုက်သွားမည်ဖြစ်၍ ပြည်သူအနေဖြင့် ၎င်းတို့အနီး သွားလာ လှုပ်ရှားခြင်းများ မပြုကြရန် Phoenix DF တပ်ခွဲမှူး ရဲဘော်နင်္ဂါးလေးက ဆက်လက် ပြောဆိုသည်။
