31 C
Yangon

ကလေးမြို့နယ်ရှိ ဆေးစင်တာနှင့် တိုက်နယ် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး သေဆုံး

Must read

ကလေးမြို့နယ်ရှိ ဆေးစင်တာနှင့် တိုက်နယ် ဆေးရုံကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၃ ဦး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်ရှိ ဆေးစင်တာနှင့် တောင်ပိုင်း တိုက်နယ် ဆေးရုံကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း People’s Healthcare Network အဖွဲ့မှတာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၆ နာရီ ၁၃ မိနစ်ခန့်တွင် ကလေးမြို့နယ် တောင်ပိုင်း၌ ပြည်သူများနှင့် ပြည်သူ့ရဲဘော်များ အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသော People’s Healthcare Network အဖွဲ့၏ Medical Centre (4) ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်ချိန်တွင် ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိထားသော ပြည်သူများကို အရေးပေါ်ခွဲစိတ်ကုသမှုပေးနေချိန်ဖြစ်ပြီး အရပ်သား ပြည်သူ ၃ ဦး သေဆုံးကာ ၃ ဦး ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရှိရသည်။

ယင်းနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်ကလည်း ကလေးမြို့နယ်တောင်ပိုင်း၌ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော People’s Healthcare Network ၏ Station Hospital (Southern Kalaymyo) – တောင်ပိုင်းတိုက်နယ်ဆေးရုံ ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ထပ်မံ ၂ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုမရှိသော်လည်း ဆေးရုံ အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

” အရပ်သားပြည်သူတွေ ကျန်းမာရေးဆေးခန်းတွေ စာသင်ကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ‌လေကြောင်းကနေ တိုက်ခိုက်နေတာဟာ အလွန်ကို လူမဆန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။ ဘယ်လောက်ပဲ ရက်စက်ယုတ်မာစွာ တိုက်ခိုက်ဖျက်ဆီးပါစေ PHN (Kalay) အနေနဲ့ ပြည်သူ့အားနဲ့ ရှေ့ဆက်ပြီး အောင်ပွဲရသည်အထိ ဆက်သွားမှာပါ” ဟု People’s Healthcare Network အဖွဲ့မှတာဝန်ရှိသူက ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုများကြားမှ ထိခိုက်ဒဏ်ရာရ ပြည်သူများနှင့် ပြည်သူ့ရဲဘော်များကို သက်စွန့်ဆံဖျား ကယ်ဆယ်ကုသစောင့်ရှောက်မှုပေးခဲ့ကြသော “People’s Healthcare Network (Kalay)” ၏ ကျန်းမာရေးစေတနာ့ ဝန်ထမ်းများကို အလေးအနက် မှတ်တမ်းတင်ဂုဏ်ပြုအပ်ကြောင်း၊ အကြမ်းဖက် စစ်ကောင်စီ၏ အရပ်သားပစ်မှတ်များကို ရည်ရွယ်ချက်ရှိရှိ လူမဆန်စွာ တိုက်ခိုက်ဖျက်ဆီးလျက်ရှိသော စက်ဆုတ်ရွံရှာဖွယ်ကောင်းသည့်လုပ်ရပ်များကို PHN-Kalay မှ အပြင်းအထန် ကန့်ကွက်ရှုတ်ချကြောင်း၊ နွေဦးတော်လှန်ရေး အဆုံးသတ်တိုက်ပွဲ အောင်မြင်ပြီးမြောက်သည်အထိ ပြည်သူလူထုနှင့်အတူ ကြိုးပမ်းဆောင်ရွက်သွားမည်ဟု အလေးအနက် အဓိဌာန်ပြုကြောင်း People’s Healthcare Network အဖွဲ့က ထုတ်ပြန်ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article