ထားဝယ်နှင့် လောင်းလုံးတွင် လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးရာတွင် ပါဝင်နေသည့် ထွေ/အုပ် ဝန်ထမ်း အောင်ဌေးကို PDF က အရှင်ဖမ်းဆီး
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်နှင့် လောင်းလုံးမြို့နယ်တို့တွင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကောက်ပေးခြင်းနှင့် လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းများ အကြမ်းဖက် စစ်တပ်နှင့် ပူးပေါင်း လုပ်ဆောင်နေသည့် ထွေ/အုပ် ဝန်ထမ်း အောင်ဌေးကို အရှင်ဖမ်းဆီးနိုင်ခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ထားဝယ်မြို့ပေါ်၌ နေထိုင်သော လောင်းလုံးမြို့နယ် ထွေ/အုပ် ဝန်ထမ်း အောင်ဌေး ကိုလောင်းလုံးမြို့နယ်၊ သကျက်တောကျေးရွာရှိ ၎င်းသမီးဖြစ်သူ၏ အလှူသို့ လာရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွေ/အုပ် ဝန်ထမ်း အောင်ဌေးကို လောင်းလုံး PDF က ၂၀၂၁ ခုနှစ်တွင် သတိပေးစာပေးပို့ချိန် ရာထူးမှ နုတ်ထွက်ပြီး ထားဝယ်မြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်သွားခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၃ ခုနှစ်အစပိုင်းမှ စတင်၍ လောင်းလုံးမြို့နယ် ထွေ/အုပ်ရုံး၌ ထပ်မံတာဝန်ထမ်းဆောင်ကာ ရွေးကောက်ပွဲအတွက် ထား၀ယ်မြို့ပေါ် သန်းခေါင်စာရင်းကောက်ယူရာတွင် ပါ၀င်ခဲ့ပြီး လက်ရှိချိန်တွင်လည်း လစာ၂ သိန်း ၄ သောင်းကျပ်ဖြင့် ထွေ/အုပ်ဝန်ထမ်းအဖြစ် ဆက်လက် လုပ်ကိုင်နေကြောင်း ဝန်ခံထွက်ဆိုထားသည်ဟု သိရသည်။
အောင်ဌေးသည် လူငယ်များကို စစ်မှုခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးရာ၌ ပါဝင်ပြီး ရပ်ကွက်အတွင်းရှိ ပြည်သူများ၏ အသက်အရွယ်များကို အကြမ်းဖက် စစ်တပ်ထံ ထွေ/အုပ်တွင် တာ၀န်ထမ်းဆောင် နေသူတိုင်းက သတင်းပေးပို့ တင်ပြရခြင်းများရှိကြောင်း ရဲဘော်ရှဲဒိုးက ရှင်းပြသည်။
“သူက ၂၀၂၁ ခုနှစ်မှာ ကျနော်တို့ စာနဲ့သတိပေးစာပို့တယ်။ အဲဒီအချိန်မှာ တာ၀န်ကနေ နှုတ်ထွက်ပြီး ထား၀ယ်မှာ သွားရှောင်နေလိုက်တယ်။ ၂၀၂၃ နှစ်အစပိုင်းမှာ လောင်းလုံးထွေ/အုပ်မှာ တာ၀န်ပြန်ထမ်းဆောင်နေတယ်။ အခုလက်ရှိ သူကိုယ်တိုင်လည်း၀န်ခံထားပါတယ်။ မကြာခင်က ရွေးကောက်ပွဲအတွက် ထား၀ယ်မြို့ပေါ် သန်းခေါင်စာရင်းကောက်ယူရာမှာ ပါ၀င်ခဲ့တယ်။ လက်ရှိမှာလည်း လစာ ၂ သိန်း ၄ သောင်းရရှိနေတယ်။ ရွာမှာတော့မနေဘူး။ ထွေအုပ်မှာ တာ၀န်ထမ်းတော့ သူတို့ရပ်ကွက်ထဲမှာ ဘယ်အိမ်မှာ ဘယ်အသက်အရွယ် ဘွဲ့ရ ဘယ်နှယောက် ဘယ်လိုဆိုတာတော့ ထွေအုပ်မှာ တာ၀န်ထမ်းတဲ့ သူတိုင်းက သတင်းပေးပို့တင်ပြရတာရှိတယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ပြောဆိုသည်။
အဆိုပါ ထွေ/အုပ် ဝန်ထမ်း အောင်ဌေးကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဆက်လက် ထိန်းသိမ်းထားပြီး ၎င်းကို အရေးယူမည့် တာဝန်ရှိသူများထံ ဆက်လက် လွှဲပြောင်းပေးအပ်သွားမည်ကြောင်း၊ ထို့ပြင် ထားဝယ်မြို့ပေါ် စစ်ရှောင်လာသော ပြည်သူများထဲမှ လူငယ်များကိုလည်း အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ လုပ်ဆောင်နေပြီး ထိုသို့ ပေါ်တာဆွဲ ဖမ်းဆီးနိုင်ရန် ထွေ/အုပ် ၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် စာရေးများက အဓိက လုပ်ဆောင်ပေးနေပြီး ၎င်းတို့ကိုလည်း ဆက်လက် အရေးယူမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
“လက်ရှိတော့ ကျနော်တို့ သူ့ကို ဆက်လက် ထိန်းသိမ်းထားဆဲပဲရှိပါတယ်။ ဘယ်လိုစစ်ဆေး အရေးယူမယ်ဆိုတာတော့ ခုချိန်မှာ ကျနော်တို့ပြောလို့မရသေးဘူး။ သေချာတာတော့ အရေးယူနိုင်မယ့် တာ၀န်ရှိသူတွေ လက်ထဲလွှဲပြောင်းပေးရမှာပဲ လက်ရှိမှာ ထား၀ယ်မြို့ပေါ် စစ်ရှောင်လာတဲ့ ပြည်သူတွေအများကြီးရှိတယ်။ ဒီထဲက လူငယ်ပိုင်းတွေကို အဓိက ပစ်မှတ်ထားပြီး ပေါ်တာဆွဲသွားတာရှိပါတယ်။ အဲဒီမှာ ပါ၀င်ပက်သက်သူတွေဟာ ထွေအုပ်၀န်ထမ်းတွေ အများစုပါ၀င်သလို ရပ်ကွက်အုပ်ကြီးတွေနဲ့ စာရေးတွေအဓိက ပါ၀င်တယ် ဆိုတော့တော်လှန်ရေးဟာ နောက်ဆုတ်သွားမှာမဟုတ်ဘူး။ တော်လှန်ရေးဟာ အဆုံးထိသွားမှာ ဖြစ်တယ်။ မတရားတဲ့ လုပ်ရပ်တိုင်းအတွက် တချိန်ချိန်မှာ တာ၀န်ပြန်ခံရမှာဖြစ်တယ်” ဟု လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံ ရဲဘော်ရှဲဒိုးက ဆက်လက် ပြောဆိုသည်။
