28 C
Yangon

ပြည်ခရိုင်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်မည်ဖြစ်၍ ဒေသန္တရအတွင်း အရေးပေါ်ကာလ သတ်မှတ်ဟုဆို

Must read

ပြည်ခရိုင်တွင် စစ်ကောင်စီတပ်များကို ထိုးစစ်ဆင်မည်ဖြစ်၍ ဒေသန္တရအတွင်း အရေးပေါ်ကာလ သတ်မှတ်ဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၃

ပဲခူးတိုင်း၊ ပြည်ခရိုင်အတွင်းရှိ အကြမ်းဖက် စစ်တပ်ကို ထိုးစစ် ဆင်မည်ဖြစ်၍ ဒေသန္တရအတွင်း အရေးပေါ်ကာလ သတ်မှတ်လိုက်သဖြင့် ပြည်သူများအနေဖြင့် ရိက္ခာ၊ ဆေးဝါးနှင့် အရေးကြီး ပစ္စည်းများ ကြိုတင်ပြဆင်ထားရန် ပြည်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Red Star က ပြောဆိုလိုက်သည်။

လက်ရှိအချိန်မှာ အကြမ်းဖက် စစ်အာဏာရှင်စနစ် လုံးဝ ပပျောက်ပြီး ဖယ်ဒရယ် နိုင်ငံတော်တည်ဆောက်ရေး အတွက် စစ်ရေးအရ အလွန်အရေးကြီးသော အချိန်ဖြစ်ကြောင်း၊ ထို့ကြောင့် ပြည်ခရိုင်အတွင်းရှိ ပြည်သူများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ရန် အသိပေးချက် ထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

” အရေးပေါ် ကာလ သတ်မှတ်တယ်ဆိုတာက ထိုးစစ်တွေ စတင်တော့မယ်လို့ ပြည်သူတွေကို အသိပေးချင်တာပါ” ဟု အမှတ် ၃၆၀၂ တပ်ရင်း သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Red Star က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ပြည်ခရိုင် ၃၆၀၂ တပ်ရင်းသည် ထိုးစစ်များ စတင်မည်ဖြစ်၍ ပြည်သူများ အနေဖြင့် အကြမ်း စစ်ကောင်စီ လက်အောက်ခံအဖွဲ့အစည်းများနှင့် ထိတွေ့ဆက်ဆံခြင်း၊ စစ်ရေးပစ်မှတ်များ အနီးတွင် သွားလာ နေထိုင်ခြင်းများအား (အထူး) ရှောင်ကျဉ်ကြရန်၊ ကာကွယ်ရေးတပ်မတော်သားများ၏ သတင်းအချက်အလက်များ စစ်ရေးလှုပ်ရှားမှုများကို စစ်ကောင်စီထံသို့ သတင်း ပေးပို့ခြင်း စစ်ကောင်စီအား ရိက္ခာထောက်ပံ့ခြင်းများ မပြုလုပ်ကြရန်၊ စစ်ကောင်စီ ဒေါက်တိုင်များ ဒလန်များ နှင့် ပူးပေါင်း၍ စစ်ကောင်စီအား ဆက်ကြေးပေး လောင်းကစားဝိုင်းများ ပြုလုပ်နေခြင်းကို ရှောင်ကျဉ်ရန် အသိပေး ပြောဆိုထားသည်။

ထို့ပြင် ပြိုလဲလုနီးနေပြီဖြစ်သော စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို ခုတုံးလုပ်၍ လူသားဒိုင်းပြုလုပ်ခြင်းကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေ၍ လုံခြုံရေးသတိ အမြဲရှိနေစေရန်၊ အရေးပေါ် အခြေအနေအတွက် ရိက္ခာ၊ ဆေးဝါး၊ အရေးကြီး ပစ္စည်းများကို အလွယ်တကူ တပါတည်းသယ်ဆောင်သွားနိုင်ရန်အတွက် ကြိုတင်ပြင်ဆင်ထားကြရန်၊ အနီးနား ပတ်ဝန်းကျင်တွင် ထိတွေ့တိုက်ပွဲများဖြစ်ပေါ်လာပါက ရှောင်ရှားနိုင်ရန် ဘေးကင်း လုံခြုံသောနေရာကို ကြိုတင်ရှာဖွေ သတ်မှတ်ထားကြရန်၊ စစ်ကောင်စီ၏ လေကြောင်းမှ ဗုံးကျဲခြင်း စက်တပ်လေထီးများဖြင့် ဗုံးကျဲချခြင်းများမှ ရှောင်ရှားနိုင်ရန် ဗုံးခို ကျင်းများတူးထားကြရန် စသည့် အချက်များကို သတိပြု နေထိုင်ကြရန် နှိုးဆော်ထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း/တပ်ဖွဲ့များမှ အခါအားလျော်စွာ ထုတ်ပြန်ထားသော ထုတ်ပြန်ချက်များကို ပူးပေါင်းလိုက်နာဆောင်ရွက်ပေးကြရန်နှင့် စစ်ကောင်စီဘက်တော်သား တပ်ဖွဲ့ဝင်များ၊ ပြည်သူ့စစ်များအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်း/တပ်ဖွဲ့များနှင့် ချိတ်ဆက်၍ အမြန်ဆုံး ပူးပေါင်းကြရန် စစ်ကောင်စီ တပ်သားများကို လက်နက်ချ အလင်း ဝင်ရန် ဖိတ်ခေါ်ထားသည်။

ဓာတ်ပုံ- ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article