ရွှေဘို တည်သီးတောရွာ စစ်စခန်းမှ စစ်တပ်နှင့်ပျူစောထီးများ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းကာ သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်ပေး
စစ်ကိုင်းတိုင်း၊ ရွှေဘို တည်သီးတောရွာ တပ်စခန်းမှ စစ်တပ်နှင့်ပျူစောထီးများ ဆုတ်ခွာသွားပြီးနောက် တော်လှန်ရေးတပ်များက နယ်မြေရှင်းလင်းပြီး ရွာတွင် ကျန်ရစ်သော သက်ကြီးရွယ်အိုများကို ကျန်းမာရေးစောင့်ရှောက်ပေးကြောင်း တော်လှန်ရေး သတင်းရင်းမြစ်နှင့် ပကဖများထံမှ သိရှိရသည်။
ဖေဖော်ဝါရီလ ၂၂ ရက်နေ့ ရွှေဘို မြို့နယ်၊ တည်သီးတော (ပျူ) ရွာ တပ်စခန်းမှ စစ်သားနှင့် ပျူစောထီးများက စခန်းစွန့်ခွာထွက်ပြေးခဲ့ပြီး ရွာ တွင်းကျန်ရှိသည့် သက်ကြီးရွယ်အို ၁၁ ဦး ကို ပကဖ တပ်ဖွဲ့က စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု ပေးခဲ့ကြောင်း၊ ညောင်ကိုင်း (ပျူ) ကျေးရွာရှိ တပ် စခန်းစွန့်ခွာထွက်ပြေးပြီးသည့်နောက် အဆိုပါရွာနှင့်ကပ်လျက် တည်သီးတော (ပျူ) ရွာမှလည်း စစ်သားနှင့်ပျူစောထီးများ စွန့်ခွာထွက်ပြေးသွားခြင်းဖြစ်ကြောင်း ပကဖအသံ၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။
အဆိုပါ နယ်မြေ ရှင်းလင်းရေး လုပ်ငန်းတွေကို ရွှေဘိုမြို့နယ် ပကဖ၊ တိုက်နယ် ၂ တောင်သူကြီး ပကဖ၊ တိုက်နယ် ၃ ပကဖ၊ တည်သီးတော ပကဖ နှင့် ရွှေဘို ခရိုင် တပ်ရင်း ၄တို့က လုပ်ဆောင်ခဲ့ကြောင်း သိရှိရသည်။
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်းများမှ စစ်သားများနှင့် ပျူစောထီးများမှာ တော်လှန်ရေးတပ်များ၏ ပိတ်ဆို့မှုဒဏ်ကို ၂၀၂၂ ခုနှစ်ကတည်းက ခံခဲ့ရပြီး ရိက္ခာပြတ်လပ်၍ စခန်း စွန့်ခွာထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ရွှေဘိုမြို့နယ်၊ ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်အထိုင်စခန်း၏ စားနပ်ရိက္ခာပို့လမ်းကြောင်းများကို တော်လှန်ရေးတပ်များက ၂၀၂၂ ခုနှစ်ကတည်းက ပိတ်ဆို့ခဲ့ကြောင်း၊ အချိန်များစွာ ကြာမြင့်သည့်အခါ စားနပ်ရိက္ခာပြတ်တောက်၍ ဖေဖော်ဝါရီလ ၂၁ ရက်နေ့ နံနက် ၃ နာရီအချိန် စစ်တပ်အထိုင်စခန်းများ မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာ ထွက်ပြေးသွားခြင်းဖြစ်ကြောင်း၊ ယင်းနောက် ထွက်ပြေးသွားသော စစ်သားများနှင့်ပျူစောထီးများမှာ ဇီးဖြူကုန်းရွာရှိ စစ်တပ်အထိုင်စခန်းသို့ ပြောင်းရွှေ့ ပူးပေါင်းသွားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ကျေးရွာများမှ အကြမ်းဖက်စစ်သားများနှင့် ပျူစောထီးများ ထွက်ပြေးသွားချိန် ကျေးရွာထဲတွင် နှိပ်စက်ညှဉ်းပန်းခံထားရသည့် ပြည်သူအချို့ ကျန်ခဲ့ကြောင်း၊ ကျန်ခဲ့သည့် ပြည်သူများမှာ စာနပ်ရိက္ခာအခက်အခဲများ ကြုံတွေ့နေကြောင်း ကျေးရွာသို့ ဝင်ရောက်ခဲ့သူများက ပြောဆိုသည်။
” အဲဒီ ပျူနှစ်ရွာက ရိက္ခာပြတ်နေတာကြာပြီ။ မွေးထားတဲ့ ကျွဲ နွား ဝက် ကြက်နဲ့ဆိတ်တွေလည်း ကုန်ပြီ။ ဆန်မရှိလို့ စပါးတွေကို မောင်းနဲ့ထောင်းပြီးစားနေရတာ”ဟု ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။
စားနပ်ရိက္ခာဆေးဝါးပြတ်လပ်မှုကြောင့် တည်သီးတောရွာဘုန်းကြီးကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဦးကဝိသည် အစားအစာ ဆေးဝါးပြတ်လပ်ပြီး ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် ပျံလွန်သွားကြောင်း၊ အကြမ်းဖက်စစ်တပ်က ရွှေဘိုမြို့နယ်ညောင်ကိုင်းကျေးရွာနှင့် တည်သီးတောကျေးရွာတို့တွင် ၂၀၂၂ ခုနှစ်ကတည်းက အထိုင်ချတပ်စွဲထားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။


