32 C
Yangon

ပြင်ဦးလွင်၊ ရေချမ်းအိုးရပ်ကွက်ရှိ မင်းအောင်လှိုင်၏သား အောင်ပြည့်စုံ သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်နှင့်ဘူဒိုဇာကားများရောက်ရှိ၊ စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထား

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့၊ ရေချမ်းအိုး ရပ်ကွက်တွင် အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏သား အောင်ပြည့်စုံက သိမ်းယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မြေကော်စက်များနှင့် ဘူဒိုဇာကားများ ယခု နံနက်ပိုင်းတွင် ရောက်ရှိလာပြီး စစ်တပ်နှင့်ရဲများက လုံခြုံရေးယူထားကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဖေဖော်ဝါရီလ ၂၂ ရက်နေ့ မင်းအောင်လှိုင်၏သားဖြစ်သူ ရယူမည့် မြေကွက်ပေါ်မှ ပြည်သူပိုင် နေအိမ်များကို ဖြိုဖျက်ရန် မန္တလေး တိုင်းစစ်ကောင်စီဝန်ကြီးများ ကိုယ်တိုင် ကွင်းဆင်း၍ ဆေးနီများဖြင့် အဆောက်အဦးများတွင် ရေးမှတ်သွားခဲ့ပြီးနောက် နေအိမ်များကို ဖျက်သိမ်းရန် ယနေ့ နံနက်ပိုင်းတွင် ဘူဒိုဇာမြေကော်စက်များနှင့် စစ်တပ်များ ရောက်ရှိလာခြင်းဖြစ် သည်။

“အခုဘူဒိုဇာတွေ ရပ်ကွက်ရုံးရှေ့ရောက်နေပြီ။ ရေချမ်းအိုးရပ်ကွက်ထဲက အိမ်တွေကို ဖျက်ဖို့” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ပြင်ဦးလွင်မြို့နယ်၊ ရေချမ်းအိုးရပ်ကွက်အတွင်းရှိ မြေ ဧက ၂၀၀ ဒသမ ၁၄ ပေါ်တွင် အိမ်ထောင်စု‎ပေါင်း ၁၀၀၀ ခန့် နေထိုင်ပြီး လူဦးရေ ၃၀၀၀၀ ဝန်းကျင် နေထိုင်ကြောင်း၊ ထိုမြေ ဧကပေါ်ရှိ နေအိမ်များနှင့် ခြံများသည် ဂရန်များရှိပြီး လူနေထိုင်ခွင့်ရရှိထားသော မြေနေရာများဖြစ်သော်လည်း အကြမ်းဖက် စစ်တပ်က ၂၀၀၀ ပြည့်နှစ်မှစတင်၍ တပ်မတော်အလုပ်ရုံ တည် ဆောက်မည်ဟုဆိုကာ လျာထားမြေနေရာ သတ်မှတ်ခဲ့ကာ သိမ်းယူရန် ကြိုးပမ်းခဲ့ကြောင်း၊ သို့ရာတွင် NLD အစိုးရလက် ထက်အထိ ပြည်သူများက အထောက်အထားများ ခိုင်လုံစွာ တင်ပြနိုင်သဖြင့် မြေသိမ်းရန် စစ်တပ်၏ကြိုးပမ်းမှုမှာ မအောင် မြင်ခဲ့ကြောင်း၊ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ်အတွင်း မြေကွက်များကို တပ်ပိုင်မြေဟု ဆိုကာ ပြန်လည် သိမ်းယူရန် ထပ်မံ လုပ်ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

“ဂရန်ရော အခြားနည်း ၃၀ ခ ရှိတဲ့သူတွေရော အခြားနည်း မရှိသေးတဲ့သူတွေရော ဧက ၂၀၀ လုံးဖျက်ဖို့ စစ်ကောင်စီ ဝန်ကြီးကိုယ်တိုင်က ကွင်းဆင်းလာတယ်။ မန္တလေးတိုင်းစစ်ကောင်စီ ကိုယ်တိုင်ကွင်းဆင်းလေ့လာပြီး ပြည်သူပိုင် မြေဧက ၂၀၀ အတွင်းက အိမ်နဲ့ ခြံတွေဖျက်ဖို့ ဆေးနီနဲ့ အဆောက်အဦတွေကို ရေးမှတ်သွားတယ်။ ကွင်းအမှတ် ၆၈၁ (ဂ) ဆိုတာက စည်ပင် နယ်နိမိတ်ထဲ ဝင်ပြီးသားပါ။ ကျနော်တို့က ဝယ်ပြီး အိမ်ဆောက်နေကြတာ တမင်သက်သက်ကို လိုချင်လို့ဖျက်မှာပါ” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ယင်းမြေနေရာများကို တပ်ပိုင်မြေအဖြစ် မတရားသိမ်းဆည်းရန် ဗိုလ်ချုပ် ကိုကိုဦး၊ မန္တလေးတိုင်း ဝန်ကြီးချုပ် မျိုးအောင်တို့က ဦးဆောင်ကာ စေခိုင်းဆောင်ရွက်နေကြောင်း၊ ထိုမြေများအနက်မှ လမ်းမတန်း မျက်နှာစာ မြေဧက ၅၀ ကို အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံက ရယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် ဧပြီလ ၆ ရက်နေ့မှ စတင်ကာ စစ်တပ်က ရပ်ကွက် အုပ်ချုပ်ရေးမှူး၊ ထွေ/အုပ် စာရေးများနှင့်အတူ ပြည်သူများကိုအကြောင်းတစ်စုံတစ်ရာမပေးဘဲ အဆိုပါ ရပ်ကွက်အတွင်းရှိ နေအိမ်များကို ဘူဒိုဇာဖြင့် လာရောက် ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ဩဂုတ်လ ၃ ရက်‌နေ့ နံနက်ပိုင်းတွင်လည်း နေအိမ်များကို ထပ်မံ ဖျက်ဆီးခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ရေချမ်းအိုးရပ်ကွက်အတွင်းရှိ မီးကြိုးများ၊ လျှပ်စစ် ဓာတ်ကြိုးများကို စစ်တပ်၊ လျှပ်စစ်၊ ရဲ နှင့် စည်ပင်သာယာများက လာရောက်ဖြုတ်ယူပြီး ပြည်သူများနေထိုင်၍ မရစေရန် ထပ်မံလုပ်ဆောင်လာကြောင်း၊ လက်ရှိအချိန်တွင် ဖြိုဖျက်ရန် ကျန်ရှိနေသော နေအိမ်များကို ထပ်မံ ဖျက်ဆီးရန် လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article