28.1 C
Yangon

မြ၀တီတွင် DKBA နှင့် BGF က ကျားဖြန့်ဂိုဏ်းများမှ နိုင်ငံခြားသား ၇၀၀၀ နီးပါးကို စုစည်းထားပြီး ထိုင်းဘက်သို့ ပြန်ပို့ရန် ပြင်ဆင်နေ၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းများ ဆက်လက်လည်ပတ်နေပြီး မပြန်ဘဲ လုပ်ကိုင်နေသူ သောင်းပေါင်းများစွာ ရှိနေဆဲ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် DKBA နှင့် BGF က ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများမှ နိုင်ငံခြားသား ၇၀၀၀ နီးပါးကို စုစည်းထားပြီး ထိုင်းဘက်သို့ ပြန်ပို့ရန် ပြင်ဆင်နေကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းဖော်ပြချက်နှင့် အဆိုပါ လက်နက်ကိုင်တပ်ဖွဲ့များထံ မေးမြန်းချက်အရ သိရှိရသည်။

စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ BGF က မြ၀တီမြို့နယ်၊ ရွှေက္ကိုလ် အပါအဝင် ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများ အခြေစိုက် ဇုန်များမှ နိုင်ငံခြားသား ၆၅၀၀ ခန့်ကို စုဆောင်းထားကြောင်း၊ DKBA ကလည်း နိုင်ငံခြားသား ၄၀၁ ဦးကို လက်ခံစုဆောင်းထားကြောင်း၊ ယခုရက်ပိုင်းအတွင်း တရုတ်နိုင်ငံသား ၆၂၁ ဦးကို ပြန်လည်ပို့ဆောင်ပြီးဖြစ်ကြောင်း သိရှိရသည်။

“အခု လူတွေက အကုန်ပြန်မယ့်သူတွေချည်းပဲ။ ဒါပေမယ့် ခက်တာက နေပြည်တော်ကိုလည်း စာရင်းပို့ထားတာနဲ့ ထိုင်းဘက်ကိုလည်း စာရင်းပို့ရတော့ ပြန်ပို့ဖို့ လုပ်ငန်းစဉ်တွေက သိပ်ပြီး မတွင်ကျယ်ဘူး။ ဒီလူရာပေါင်းများစွာအတွက် နေ့စဉ် ကျွေးထားရတဲ့ စားစရိတ်ကလည်း ကြီးတယ်။ ထိန်းသိမ်းထားစဉ်အတွင်းမှာလည်း ဘေးဒုက္ခမဖြစ်အောင် စောင့်ကြပ်ပေးနေရတယ်”ဟု DKBA သတင်းရင်းမြစ်တစ်ခုက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

လက်ရှိတွင် BGF နှင့် DKBA တပ်ဖွဲ့များက ကျားဖြန့်ဇုန်အတွင်းမှ နေရပ်ပြန်ကြမည့် နိုင်ငံခြားသားများကို ပြန်လည်ပို့ဆောင်ရေးအတွက် အကူအညီများ လိုအပ်နေသည်ဟု ထုတ်ဖော်ပြောဆိုထားပြီး တစ်ဖက်တွင်လည်း ပြန်လည်ပို့ဆောင်ရေးလုပ်ငန်းစဉ်များ မြန်ဆန်စွာ လုပ်ဆောင်နေကြောင်း သက်ဆိုင်ရာအစိုးရများနှင့်သံရုံးများကို တိုက်တွန်းလျက်ရှိကြောင်း သိရှိရသည်။

မြ၀တီမြို့နယ်တွင် နေရပ်ပြန်ကြမည့် နိုင်ငံခြားသားများတွင် တရုတ်၊ အာရှ၊ အာဖရိကနှင့် ဥရောပ အပါအဝင် နိုင်ငံပေါင်း ၁၅ နိုင်ငံမှ ပါဝင်ကြောင်း သိရှိရသည်။

BGF နှင့် DKBA က ကျားဖြန့်ဂိုဏ်းများမှ မိမိဆန္ဒအလျောက် ပြန်လိုသူများကိုသာ စုစည်းထားခြင်းဖြစ်ပြီး မြ၀တီမြို့အတွင်းရှိ ကျောက်ခတ်၊ ရွှေက္ကိုလ်၊ KK Park အတွင်းတွင် ကျားဖြန့်ဂိုဏ်းများ ဆက်လက် လုပ်ကိုင် လည်ပတ်နေဆဲဖြစ်ကြောင်း၊ သို့ရာတွင် လူများကို နှိပ်စက်ခြင်းမပြုလုပ်ရန်၊ အခြားနိုင်ငံများမှ လိမ်ခေါ်ခြင်းမလုပ်ရန် စည်းကမ်းများချမှတ်ထားသော ကြောင့် လူကုန်ကူးမှုနှင့် နှိပ်စက်မှုများ လျော့ပါးသွားမည့်အခြေအနေရှိကြောင်း ယင်းနေရာများတွင် ရောက်ရှိနေသူ တချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

“အလုပ်တွေကတော့ ဆက်လုပ်နေပါတယ်။ ညှဉ်းပန်းနှိပ်စက်တာ၊ ရိုက်တာ၊ အခြားနိုင်ငံက လူတွေကို လိမ်ခေါ်တာမျိုးတော့ မလုပ်ရဘူးလို့ စည်းကမ်းတွေချထားတယ်။ အခု ဆက်လုပ်နေတဲ့သူတွေက ကိုယ့်ဆန္ဒနဲ့ ကိုယ် ငွေဆက်ရှာနေတဲ့သူတွေပါ။ အလုပ်ဆက်လုပ်နေတဲ့သူတွေက BGF ကိုလည်း လစဉ် သူတို့ကောက်တဲ့ ငွေပေးရပါတယ်” ဟု ရွှေက္ကိုလ်တွင် ရှိနေသည့် မြန်မာတစ်ဦးက ရှင်းပြသည်။

Photo Credit- ထိုင်းသတင်းဌာနများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article