ရန်ကုန်၊ ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ထန်းလှီးရန် ထွက်လာသည့် စစ်ကောင်စီ တပ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးသေဆုံးခဲ့ကြောင်း အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၁၉ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်ခန့်တွင် ပုလဲမြို့နယ်၊ ဇီးဖြူကုန်း ပျူစောထီးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သား ၆ ဦးသည် ထန်းလှီးရန် ထွက်လာစဉ် ယင်းမာပင်ခရိုင် တပ်ရင်း-၆ တပ်ခွဲ-၁ တပ်စု ၂ မှ တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုသည် မိနစ်ပိုင်းသာ ကြာမြင့်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၂ ဦးသေဆုံးကာ ၂ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း၊ ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် အင်အား ၆၀ ခန့်ရှိသော အကြမ်းဖက် စစ်တပ် စစ်ကြောင်း ရောက်ရှိလာသော တော်လှန်ရေး တပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
“ဇီးဖြူကုန်း ပျူစောထီးရွာနဲ့ နှောရိုးရွာ အကြားမှာ ကျနော်တို့ တော်လှန်ရေး ရဲဘော်တွေ တပ်ဖြန့်ကင်းယူထားတဲ့ နေရာကို ထန်းလှီးဖို့ ရန်သူ့ဘက်က ပျူစောထီးနဲ့ စစ်ခွေး ၆ ကောင်ရောက်လာတဲ့ အချိန် ပစ်ခတ်မှု ဖြစ်ပွားတာ ပစ်ခတ်မှုက မိနစ်ပိုင်းလောက်ပဲဖြစ်ပွားခဲ့တယ်။ ပစ်ခတ်မှု အတွင်းမှာ ရန်သူ့ဘက်က ၂ ကောင် သေဆုံးပြီး ၂ ကောင် အပြင်းအထန်ဒဏ်ရာရတယ်။ စစ်သားနဲ့ ပျူစောထီးများ အားလုံး ကိုယ့်ပြည်သူနဲ့ တသားတည်း ရပ်တည်ပါ မရပ်တည်ရင် ထိရောက်သော လုပ်ဆောင်ချက်များပြုလုပ်သွားပါမယ်” ဟု အမှတ် ၁ စစ်ဒေသ ယင်းမာပင်ခရိုင် တပ်ရင်း ၆ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် မွန်ပြည်နယ်၊ ဘီလင်း-ဖာပွန် လမ်းပိုင်းရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း အမှတ် ၂၇ စစ်ဗျူဟာ၊ အမှတ် ၂ စစ်ဒေသခွဲက ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဘီလင်း-ဖာပွန် လမ်းပိုင်းရှိ ပြင်သာ တံတားအနီးတဝိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ၊ စစ်ဗျူဟာ ၂၇ မှ Drone တပ်ရင်း တပ်ဖွဲ့များက ၆၀ မမ ဗုံးသီး ၃ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။
ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကလည်း မရမ်းချောင် အနီးနားတဝိုက်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့ဝင်များကို တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ၊ စစ်ဗျူဟာ ၂၇ မှ Drone တပ်ရင်း တပ်ဖွဲ့များက ၆၀ မမ ဗုံးသီး ၂ လုံးကို ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိပဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
