ရန်ကုန်၊ မတ် ၃
ပဲခူးတိုင်း၊မိုးညိုမြို့ပေါ်တွင် စစ်တပ်က လူငယ်များကို စစ်မှုထမ်းခိုင်းရန် ပေါ်တာဆွဲ ဖမ်းဆီးစဉ် ထွက်ပြေးရန် ကြိုးစားသည်ဟုဆိုကာ ကိုအငယ်လေးကို စစ်သားများက ဝိုင်းဝန်း ရိုက်နှက်သဖြင့် သေဆုံးသွားခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မိုးညိုမြို့၊ သခင်လှရှိန်ရပ်ကွက်၊ ဘုရားကြီးကျောင်းလမ်းတွင် နေထိုင်သော မိဘမဲ့ ကိုအငယ်လေး နှင့် အမည်မသိ လူငယ် ၁ ဦးကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ပေါ်တာဆွဲ ဖမ်းဆီးသွားပြီး မိုးညိုမြို့ ထွေ/အုပ် ရုံးတွင် ချုပ်နှောင်ထားခဲ့ကြောင်း၊ ထိုသို့ ဖမ်းဆီးထားစဉ် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကိုအငယ်လေးနှင့် အမည်မသိ လူငယ် ၁ ဦးကို ထွက်ပြေးရန် တိုင်ပင်နေသည်ဟုဆိုကာ ပျူစောထီး သန်းထွေး ၊ ဌေးကြီး နှင့် စစ်တပ် အရာရှိများက ထွေ/အုပ် ရုံးအတွင်း ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သိရှိရသည်။
ယင်းသို့ ဝိုင်းဝန်း ရိုက်နှက်မှုကြောင့် ဒဏ်ရာ အပြင်းအထန်ရရှိသော ကိုအငယ်လေးကို စစ်တပ်က မိုးညိုမြို့ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သွေးထွက်လွန်နေသောကြောင့် သာယာဝတီဆေးရုံသို့ ထပ်မံပို့ဆောင်ရန်ပြင်ဆင်နေစဉ် သေဆုံးခဲဥကြောင်း၊ ထို့ပြင် အမည်မသိ လူငယ်မှာမူ မိုးညိုမြို့ ဆေးရုံတွင် ဒဏ်ရာ ပြင်းထန်စွာဖြင့် ဆက်လက်ဆေးကုသမှု ခံယူနေရကာ အခြေအနေ စိုးရိမ်ရကြောင်း သိရသည်။
“သေသွားတဲ့ ကိုအငယ်လေးက မိုးညိုမြို့ အထွက်က မဟာသုမင်္ဂလာ ဘုရားကြီးမှာ အလှူခံပေးနေတဲ့ ပရဟိတသမားပါ ကောင်လေးမှာ အဖေနဲ့အမေလည်း ဆုံးတာကြာပြီ ဆွေမျိုးသားချင်းလည်းမရှိပါဘူး။ စစ်ခွေးတွေက သတင်းကို အရမ်းလိုက်ဖုံးနေတယ်။ ကောင်လေးက စိတ်ထား အရမ်းဖြူစင်ပြီး လူတိုင်းကို ကူညီတတ်တဲ့ ကလေးပါ။ သူမတရားဖမ်းဆီး သတ်ဖြတ်ခံရတာနဲ့ ပတ်သတ်ပြီး မိုးညိုမြို့ကပြည်သူတွေ စိတ်မကောင်းဖြစ်နေကြတယ်” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။
ထို့ပြင် ရန်ကုန်တိုင်း၊ လှည်းကူးမြို့နယ် ဘားလားကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် အဖွဲ့ဝင်များက စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ် ၄၀၀ ကျော်ကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ အရေးပေါ် အစည်းအဝေးခေါ်၍ စစ်မှုထမ်းကြေးများ မတရား အတင်းအဓမ္မ လိုက်လံကောက်ခံနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှစ၍ ဘားလား ကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်ဇော်ထွန်းနှင့် အဖွဲ့ဝင်များ ဖြစ်သော ဇင်မင်း၊ မြင့်သန်း၊ ထွန်းထွန်း၊ စံညွန့်၊ စိန်သန်း၊ သန့်ဇော်ဦးတို့က ကျေးရွာအတွင်းရှိ စစ်မှုထမ်းရန် အကျုံးဝင်သော လူငယ် ၄၀၀ ကျော်ကို သာသနပါလဘုန်းတော်ကြီးကျောင်းတွင် အစည်းအဝေးခေါ်၍ စစ်မှုထမ်းကြေးများ အတင်းအဓမ္မ တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အုပ်ချုပ်ရေးအဖွဲ့သည် ပထမအကြိမ်တွင် ၁ ဦးလျှင် ငွေကျပ် ၄၀၀၀၀ ၊ ဒုတိယအကြိမ်တွင် ငွေကျပ် ၂၀၀၀၀ ၊ တတိယအကြိမ်မှ စတင်ပြီး ငွေကျပ် ၃၀၀၀၀ နှုန်း တောင်းခံနေသည်မှာ ၅ ကြိမ်ရှိပြီဖြစ်ကြောင်း သိရသည်။
ထိုသို့ စစ်မှုထမ်း အကြောင်းပြ တောင်းခံနေသည်မှာ စုစုပေါင်း ၇ ကြိမ်ခန့် ရှိပြီဖြစ်၍ နောက်ထပ်ငွေကြေးကောက်ခံမည်ကို ပြည်သူများက စိုးရိမ်နေကြကြောင်း သိရှိရသည်။
ဓာတ်ပုံ – မိုးညိုမြို့နယ်၏ စစ်ရေး တာဝန်ခံ အင်းမတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်ကျော်ဆိုင်၊ သာယာဝတီခရိုင်ဒုရဲမှူးကြီးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းတို့ကို တွေ့ရစဉ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
