34 C
Yangon

ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဘွဲ့နှင့် ဆမ မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်သင်ကြားခွင့် ပိတ်ပင်

Must read

ရန်ကုန်၊ မတ် ၆

မြန်မာနိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို နိုင်ငံ့ဝန်ထမ်း မလုပ်၍ စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဆေး ပညာဘွဲ့နှင့်ဆေးကုသခွင့်လက်မှတ် (ဆမ) မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်လက်သင်ကြားကိုပါ ပိတ်ပင်လိုက်ကြောင်း ဆရာဝန်များနှင့် နေပြည် တော်၊ ကျန်းမာရေးဝန်ကြီးဌာနထံမှ စုံစမ်းသိရှိရသည်။

ထိုသို့ ပိတ်ပင်မှုကို မင်းအောင်လှိုင်၏ အမိန့်ဖြင့် ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် တင်ထွန်းတို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ ဆေးတက္ကသိုလ်များတွင် ကျောင်းသားကျောင်းသူ ၁၀၀၀ ကျော် ဆေးကျောင်းတက်ခဲ့ကြပြီး အလုပ်သင်ဆင်းခြင်း အပါအဝင် ၂၀၂၀ ခုနှစ်ဒီဇင်ဘာလတွင် ပညာသင်ယူမှု ပြီးဆုံးခဲ့ကြကြောင်း၊ ယင်းနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်ကောင်စီက နိုင်ငံတော်အာဏာကို မတရားလုယူခဲ့ကြကြောင်း၊ စစ်ကောင်စီက အာဏာရယူလာပြီးနောက် ကျန်းမာရေးဝန်ကြီးဌာန လက် အောက်မှ ဆရာဝန်၊ သူနာပြုများ အပါအဝင် ကျန်းမာရေးဝန်ကြီးဌာန ဝန်ထမ်းပေါင်း ၅ သောင်းနီးပါး CDM ဝင်ခဲ့ကြကြောင်း သိရှိရသည်။

ထိုအချိန်တွင် စစ်ကောင်စီက ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ကျောင်းပြီးခဲ့ကြသော ဆရာဝန်များကို ၎င်း၏ လက်အောက်တွင် ဝင်ရောက် အလုပ် လုပ်ကိုင်ရန် အမိန့်ပေးခဲ့ကြောင်း၊ သို့ရာတွင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် ပညာသင်ယူမှု ပြီးဆုံးခဲ့ကြသော ဆရာဝန်လောင်းအများစုက နိုင်ငံရေးအခြေအနေများကြောင့် စစ်ကောင်စီ လက်အောက်ခံတွင် အလုပ်လုပ်ရန် ငြင်းဆန်ခဲ့ကြကြောင်း၊ ဆေးပညာစတင်သင်ယူချိန်ကလည်း ကျောင်းပြီး၍ ၃ နှစ်တိတိ နိုင်ငံ့ဝန်ထမ်း မလုပ်လိုလျှင် ငွေကျပ် ၁၀ သိန်းပေးလျှော်ရမည်ဆိုသော ကတိခံဝန်ချက် လက်မှတ်ရေးထိုးခဲ့၍ ငွေကျပ် ၁၀ သိန်းပေးလျှော်ရန်သာ အားလုံးက ရွေးချယ်ခဲ့ကြကြောင်း သိရှိရသည်။

“ကျနော်တို့ ကျောင်းပြီးတာက ၂၀၂၀ ဒီဇင်ဘာလမှာပြီးတာ။ နိုင်ငံရေးအခြေအနေတွေ မရှုပ်ထွေးခင်ကတည်းက ကျောင်းပြီးနေတာ။ အဲဒီတော့ ဘွဲ့က ပေးကို ပေးရမယ်။ ဆမလည်း ရကိုရရမယ်။ ပြီးတော့ ကျနော်တို့ ကျောင်းစတက်တဲ့အချိန်မှာ နိုင်ငံ့ဝန်ထမ်း ၃ နှစ် မလုပ်ရင် ငွေကျပ် ၁၀ သိန်းပေးလျှော်ရမယ်ဆိုတာ ကတိဝန်ခံချက် လက် မှတ်ထိုးခဲ့ရတယ်။ အဲဒီတော့ အားလုံးက ငွေ ၁၀ သိန်းလျှော်ဖို့ပဲ။ သူတို့က သူတို့ လက်အောက်မှာ အလုပ်လုပ်ဖို့ ခေါ်ပေမယ့် ကျနော်တို့အတွက် ဘယ်လိုမှ အဆင်ပြေတဲ့ လုပ်ငန်းခွင် ဖြစ်မနေဘူး။ အဲဒါ သူတို့ လက်အောက်မှာ အလုပ်မလုပ်လို့ဆိုပြီး ၁၀၂၂ ဦးကို အမည်ပျက်စာရင်းသွင်းတယ်။ ပြည်ပထွက်ခွင့်နဲ့ ပညာဆက်လက် သင်ကြားခွင့်ပိတ်တယ်” ဟု ဆရာဝန်တစ်ဦးက ရှင်းပြသည်။

အမည်ပျက်စာရင်းသွင်းခံထားရသော ဆရာဝန် ၁၀၂၂ ဦးအနက်မှ ၁၀၀ ဝန်းကျင်ကသာ စစ်ကောင်စီလက် အောက် တွင် အလုပ် ဝင်ခဲ့ကြပြီး အများစုမှာ ယခုအချိန်အထိ လက်မှတ်ရေးထိုးခဲ့သော ကတိဝန်ခံချက် စာချုပ်ပါ သဘောတူညီချက်အတိုင်း ငွေကျပ် ၁၀ သိန်းပေးလျှော်ရန် ဆန္ဒရှိကြကြောင်း၊ သို့ရာတွင် စစ်ကောင်စီက ငွေ ၁၀ သိန်းပေးလျှော်မှုကို လက်မခံဘဲ အမည်ပျက်စာရင်းသွင်း၍ ဆရာဝန်များအားလုံး၏ ဘ၀ကို ဖျက်ဆီးနေကြောင်း သိရှိရသည်။

ယခုမတ်လလယ်တွင် ပြုလုပ်မည့် ဆေးပညာဘွဲ့နှင်းသဘင်များတွင်လည်း အမည်ပျက်စာရင်းသွင်းထားသူများကို ဆေးပညာဘွဲ့ မပေးဟု အသိပေးလာပြီး စစ်ကောင်စီလက်အောက်တွင် အမှုထမ်းသူများကိုသာ ဆေးပညာဘွဲ့ ပေးမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့ကြောင့် စစ်ကောင်စီ၏ ယုတ်မာမှုကြောင့် အမည်ပျက်စာရင်း သွင်းခံထားရသော ၁၀၀၀ နီးပါး ရှိသော ဆရာ ဝန်များကို အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် ဘွဲ့လက်မှတ် ထုတ်ပေးခြင်း၊ ကျောင်းပြီးစီးကြောင်း ထောက် ခံများ ထုတ်ပေးရန် လိုအပ်ပြီး ပညာဆက်လက်သင်ကြားနိုင်ရေးအတွက် နိုင်ငံတကာကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းများက ကူညီသင့်ကြောင်း ဆရာဝန်များက တိုက်တွန်းပြောဆိုကြသည်။

တစ်နိုင်ငံလုံးတွင် ကျန်းမာ ရေးဝန်ထမ်း ၁ဝ၃၂၁၄ ဦးရှိသည့်အနက် စစ်တပ်အာဏာသိမ်းမှုကြောင့် ကျန်းမာရေးဝန်ထမ်း ၄၇၂၅၄ ဦး CDM လုပ်ခဲ့ကြခြင်းဖြင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တွန်းလှန်ခဲ့ကြကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကောင်စီလက်အောက်ခံ အလိုတော်ရိ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် ညွှန်ချုပ် တင်ထွန်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

စစ်ကောင်စီလက်အောက်ခံ အလိုတော်ရိ ကျန်းမာရေးဝန်ကြီး သက်ခိုင်ဝင်းနှင့် ညွှန်ချုပ် တင်ထွန်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article