သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိ
စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဝန်းကျင် စခန်းစွန့်ခွာ ထွက်ပြေး
ရန်ကုန်၊ မတ် ၉
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ စစ်ကောင်စီတပ်၏ သပြေညွန့်စခန်းကို KNLA နှင့် PDF ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၁၀ ဦးကျော်သေဆုံးပြီး လက်နက်ခဲယမ်းများအများအပြား သိမ်းဆည်းရရှိကြောင်း KNU က တရားဝင် ပြောဆိုသည်။
အဆိုပါ သပြေညွန့် စစ်တပ်စခန်းကို မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီမှစတင်၍ တိုက်ခိုက်ခဲ့ပြီး မတ်လ ၈ ရက်နေ့တွင် သိမ်းပိုက်ရရှိကြောင်း၊ ယင်းစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး ၂၀ ကျော်စခန်းစွန့်ခွာထွက်ပြေးခဲ့ကြောင်း၊ ထိုစစ်ကောင်စီတပ်စခန်းကို အလုံးစုံ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရှိရသည်။
“မနေ့က မနက် ၇ နာရီ ၃၀ မိနစ်မှာ သပြေညွန့်တပ်စခန်းကို အပြီးသတ် သိမ်းပိုက်ရရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ စစ်ဆင်ရေးမှူး ရဲဘော် တင်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ အတည်ပြုပြောဆိုသည်။
လက်ရှိတွင် KNLA နှင့် PDF ပူးပေါင်းတပ်များက သပြေညွန့်စခန်းမှ ထွက်ပြေးတိမ်းရှောင်သွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို လိုက်လံရှင်းလင်းလျက်ရှိကြောင်း သိရှိရသည်။

