အုတ်တွင်းမြို့နယ်ရှိ စစ်တပ် စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံး
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် စခန်းနှင့် စစ်ကြောင်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁၅ ဦးသေဆုံးခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
မတ်လ ၉ ရက်နေ့ နံနက် ၄ နာရီ ၃၀ မိနစ်ခန့်တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့နှင့် အုတ်တွင်းမြို့နယ် ညောင်ခြေထောက်မြို့ အကြား ရန်ကုန်-မန္တလေး လမ်းဟောင်းဘေး ကျောက်တိုင်ကျေးရွာရှိ အကြမ်းဖက် စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ဆင်ရေးနယ်မြေ ၂ ၊ ဗျူဟာ ၂၃ တပ်ဖွဲ့များဖြစ်သော တပ်ရင်း ၃၅၀၂ နှင့် အုတ်တွင်းမြို့နယ် ပကဖ ရဲဘော်များက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးပြီး လက်နက်ငယ် ၆ လက်နှင့် ကျည်ဆန်များ သိမ်းဆည်းရရှိခဲ့ကြောင်း၊ထို တိုက်ပွဲအတွင်း အုတ်တွင်းမြို့နယ် ပကဖ မှ ရဲဘော်ဝမ်ချိုင်းသည် စစ်အာဏာရှင်စနစ် အမြတ်ပြတ်ချေမှုန်းရေးနှင့် ဖယ်ဖရယ်ဒီမိုကရေစီစနစ် တည်ဆောက်ရေးအတွက် တိုက်ပွဲဝင်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ကြောင်း သိရှိရသည်။
အလားတူ မတ်လ ၉ ရက်နေ့နှင့် ၁၀ ရက်နေ့တို့တွင် အုတ်တွင်းမြို့နယ်၊ ကျွဲပွဲမြို့ ၊ မြို့စိုးတံတားအနီးရှိ ရေအိုးစဉ် ကျေးရွာကို စစ်ကြောင်းထိုး ဝင်ရာက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို အုတ်တွင်းမြို့နယ် ပကဖ ၊ တပ်ရင်း ၃၅၀၂ ၊ Delta One Drone force ၊ တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ Eagle’s Power Arms Drone အဖွဲ့နှင့် Federal Peacock Drone တပ်ဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ထိုတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၁၀ ဦး သေဆုံးခဲ့ကြောင်း၊ ယနေ့ မွန်းလွဲ ပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ပြန်လည်ဆုတ်ခွာသွားပြီး ရေအိုးစဉ်ကျေးရွာရှိ ပြည်သူပိုင်နေအိမ် ၄ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်ရှိ သပြေညွှန့် အကြမ်းဖက် စစ်တပ် အထိုင်စခန်းကိုလည်း PDF အထူးကွန်မန်ဒိုတပ်ရင်း P29914၊ KNLA တပ်မဟာ ၂ ၊ KNLA တပ်မဟာ ၃ ၊ ယောနသံ Drone Force တို့က ပူးပေါင်း သိမ်းပိုက်မှု အတွင်း အုတ်တွင်းမြို့နယ် ပကဖ က အကြမ်းဖက် စစ်တပ်၏ စစ်ကူ စစ်ကြောင်းများကို ဖြတ်တောက်တိုက်ရေး၍ ပူးပေါင်း ပါဝင်ခဲ့ကြောင်း အုတ်တွင်းမြို့နယ် ပကဖ မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်
