စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းကို ဆွစ်ဇာလန်နိုင်ငံက အရေးယူဒဏ်ခတ် ပိတ်ဆို့
အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်း(MOGE) ကို ဆွစ်ဇာလန်နိုင်ငံက အရေးယူဒဏ်ခတ် ပိတ်ဆို့ကြောင်း ကြေညာလိုက်ပြီး အဆိုပါ ပိတ်ဆို့မှုကို Justice For Myanmar (JFM) က ကြိုဆိုလိုက်သည်။
ဆွစ်ဇာလန်နိုင်ငံက စစ်ကောင်စီ၏ MOGE လုပ်ငန်းကို ဒဏ်ခတ်ပိတ်ဆို့မှုသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ဥရောပသမဂ္ဂ၏ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုအတိုင်း လိုက်ပါ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံ၏ ဒဏ်ခတ်ပိတ်ဆို့မှုသည် မြန်မာပြည်သူများအပေါ် ကျူးလွန်လျက်ရှိသည့် အကြမ်းဖက်စစ်တပ်၏ စစ်ဆင်ရေးအတွက် ဘဏ္ဍာငွေဖြည့်တင်းရေး ဂယ်ပေါက်တစ်ခုကို ပိတ်ပင်လိုက်ခြင်းဖြစ်ကြောင်း JFM က ပြောသည်။
ရေနံနှင့်သဘာ၀ဓာတ်ငွေ့လုပ်ငန်းသည် စစ်အုပ်စုအတွက် နိုင်ငံခြားငွေ အများဆုံး ရှာဖွေပေးနေသည့် ရင်းမြစ်တစ်ခုဖြစ်ကြောင်း၊ စစ်လက်နက်၊ လေယာဉ်ဆီနှင့် အခြားစစ်ဘက်ဆိုင်ရာ အထောက်အကူပြုပစ္စည်းများ ဝယ်ယူရာတွင် အသုံးပြုနေခြင်းဖြစ်ကြောင်း သိရှိရသည်။
အကြမ်းဖက်စစ်တပ်၏ အချက်အလက်များအရ မြန်မာ့သဘာ၀ဓာတ်ငွေ့ တင်ပို့မှုမှာ ၃ လအတွင်း အမေရိကန်ဒေါ်လာ ၈၄၁ ဒသမ ၇ သန်းရှိခဲ့ကြောင်း ၊ MOGE အပေါ် ဆွစ်ဇာလန်နိုင်ငံက ဒဏ်ခတ်ပိတ်ဆို့လိုက်ခြင်းသည် မတ်လ ၇ ရက်နေ့ JFM ၏ သတင်းထုတ်ပြန်ချက်နှင့် Tages- Anzeiger ၏ သတင်းဖော်ပြချက်မှတစ်ဆင့် ဆွစ်ဇာလန်အစိုးရအပေါ် ဖိအားပေးတောင်းဆိုမှုများ လုပ်ဆောင်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်ဟု JFM က ဆိုသည်။
MOGE က နိုင်ငံတကာ ငွေလွှဲမှုများအတွက် အသုံးပြုနေသည့် လက်ရှိ စစ်အုပ်စုထိန်းချုပ်ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်မှာ ဆွစ်ဇာလန်နိုင်ငံတွင် အပြန်အလှန် ငွေလွှဲဘဏ်စနစ် ဆက်ဆံရေးများ ရှိထားကြောင်း ၊ ဆွစ်အာမခံလုပ်ငန်းများသည် စစ်ကောင်စီ၏ MOGE နှင့်ဆက်နွယ်မှုများရှိနေပြီး ဆွစ်အခြေစိုက် Infrassure ကုမ္ပဏီမှာ ၂၀၂၁ ခုနှစ် တရုတ်-မြန်မာဓာတ်ငွေ့ပိုက်လိုင်း အတွက် ထပ်ဆင့်အာမခံကုမ္ပဏီအဖြစ် ရွေးချယ်ခံခဲ့ရကြောင်း JFM ကထုတ်ပြန်သည်။
JFM၏ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က “အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ကိုက်ညီနေတဲ့ မြန်မာနိုင်ငံက MOGE ကို နောက်ဆုံးမှာ ဒဏ်ခတ်ပိတ်ဆို့ဖို့ ဆွစ်ဇာလန်ရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုပါတယ်။ ဒီလိုချမှတ်လိုက်ခြင်းက အီးယူဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက အရေးကြီးတဲ့ ဂယ်ပေါက်တစ်ခုကို ပိတ်လိုက်နိုင်ပြီး ၄ နှစ်ကျော်ကြာ အကြမ်းဖက်စစ်အုပ်စုကို ဆန့်ကျင်ပြီး ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေတဲ့ မြန်မာပြည်သူတွေနဲ့အတူ တစ်သားတည်းရှိနေကြောင်း သတင်းစကားပါလိုက်တာဖြစ်ပါတယ်။ ကနေဒါ၊ ယူကေနဲ့ ဩစတြေးလျနိုင်ငံတို့ကလည်း ဆွစ်ဇာလန်ရဲ့ လမ်းကြောင်းအတိုင်း လိုက်ပါပြီး MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ အလျင်အမြန် လုပ်ဆောင်ဖို့ တောင်းဆိုပါတယ်” ဟု ပြောဆိုသည်။
ဓာတ်ပုံ- ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့ စစ်ကောင်စီ၏ စွမ်းအင်ဝန်ကြီး ကိုကိုလွင်က MOGE တွင် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပနေစဉ်။
