32 C
Yangon

မတ္တရာနှင့် တောင်သာ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူများ ဒဏ်ရာရပြီး နေအိမ်များပျက်စီး

Must read

မတ္တရာနှင့် တောင်သာ မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ပြည်သူများ ဒဏ်ရာရပြီး နေအိမ်များပျက်စီး

ရန်ကုန်၊ မတ် ၁၁

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိခိုက်မှုရှိကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ မတ်လ ၁၀ ရက်နေ့ မွန်းလွဲ ၃ နာရီခန့်တွင် မတ္တရာမြို့နယ် အရှေ့ခြမ်းရှိ မြောင်းသစ်ရွာအနီး ဝန်းကျင်ကို အကြမ်းဖက် စစ်တပ်က ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၁၀၀ ဗုံး ၁ လုံး၊ ပေါင် ၅၀၀ ဗုံး ၁ လုံးနှင့် ပေါင် ၂၅၀ ဗုံး ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း၊ လက်ရှိချိန်တွင် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာတိမ်းရှောင်နေရကြောင်း သိရှိရသည်။

အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင်လည်း အကြမ်းဖက် စစ်တပ်၏ ဂျက်ဖိုက်တာ ၁ စီး က ထပ်မံပြီး မတ္တရာမြို့နယ်၊ သဖန်းကိုင်းရွာအနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်ပြည်သူများ နေထိုင်ရာ နေရာများကို ပေါင် ၁၀၀ ဗုံးသီး ၂ လုံးဖြင့် ထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ပြီး ပြည်သူ ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ ထန်းပင်ရွာကို အကြမ်းဖက် စစ်တပ် စက်တပ်လေထီး ၂ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မတ်လ ၁၁ ရက်နေ့ နံနက် ၁ နာရီ ၄၅ မိနစ်ခန့်တွင် မိတ္ထီလာမှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ် လေထီး ၂ စီးသည် ဇရပ်ကြီးကျေးရွာ အမှတ် ၁ ၊ အမှတ် ၂ ၊ အမှတ် ၃ ၊ အမှတ် ၅ နှင့် ထန်းပင်ကန်ကျေးရွာ အနောက်မြောက်ဘက် တောထဲကို ဗုံးသီး ၈လုံးကျဲချ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များပျက်စီးပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

တောင်သာမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် ပြည်သူများ အနေဖြင့် ဗုံးခိုကျင်းများ စနစ်တကျ တူးဖော်ထားရန်နှင့် လေယာဉ်၊ စက်တပ်လေထီး အသံကြားပါက ဗုံးခိုကျင်းအတွင်း ခိုအောင်းကြရန် တောင်သာမြို့နယ် လူထုလှုပ်ရှားမှုကော်မတီက တိုက်တွန်းထားသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article