ရန်ကုန်၊ မတ် ၁၃
ပဲခူးတိုင်း၊ သာယာဝတီခရိုင်အတွင်းရှိ မြို့နယ်များတွင် ကျေးရွာနှင့်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ပျူစောထီးများ သတင်းပေးများ အပါအဝင် စစ်တပ်ဘက်တော်သား ၂၀ ဦးခန့် ပစ်ခတ်ခံရ၍ သေဆုံးသွားပြီးနောက် ပျူစောထီးများကို လက်နက်တပ်ဆင်ကာ သက်တော်စောင့် အဖြစ် စတင်ထားရှိနေပြီဖြစ်ကြောင်း ဒေသ သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလပိုင်းမှ စတင်၍ သာယာဝတီခရိုင်အတွင်းရှိ ကျေးရွာများမှ လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်းနှင့် ပြည်သူများကို နည်းမျိုးစုံဖြင့် ဖိနှိပ်နေသော အကြမ်းဖက် စစ်တပ်ခန့် အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ် ဒေါက်တိုင်များကို တော်လှန်ရေး တပ်ဖွဲ့များက ဆက်တိုက် တိုက်ခိုက်လာသဖြင့် သေဆုံးမှုများ မြင့်တက်လာချိန်တွင် စစ်တပ်က ယင်းကဲ့သို့ ပျူစောထီးများကို လက်နက်တပ်ဆင်၍ လုံခြုံရေးပေးလာခြင်းဖြစ်ကြောင်း သိရှီရသည်။
ထိုသို့ တိုက်ခိုက်မှုများ လုပ်ဆောင်လာခြင်းကြောင့် ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် စစ်တပ် ဒေါက်တိုင်များသည် ကျေးရွာထဲမှ ထွက်ပြေးတိမ်းရှောင်ခြင်း၊ နှုတ်ထွက်ခြင်းနှင့် စစ်တပ် တပ်စွဲထားသော နေရာများတွင် နေထိုင်ပြီး အဝေးမှ လှမ်းအုပ်ချုပ်ခြင်းများကြောင့် အုပ်ချုပ်ရေးယန္တရားများ လည်ပတ်နိုင်ခြင်းမရှိတော့ကြောင်း၊ ထို့ကြောင့် ပျူစောထီးများကို လက်နက်တပ်ဆင်ပေးပြီး သက်တော်စောင့်အဖြစ် ခန့်အပ်မှုများ စစ်တပ်က လုပ်ဆောင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
လက်ရှိချိန်တွင် သက်တော်စောင့် လက်နက်ကိုင် ပျူစောထီးများ ဖွဲ့စည်းနိုင်ရန် မြို့နယ်အလိုက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနများမှ လူဦးရေ စာရင်းများ တောင်းခံထားပြီး သေနတ်ပစ် သင်တန်းပေးရန် စီစဉ်နေကာ အုပ်ချုပ်ရေးမှူးများကိုပါ စစ်သင်တန်းပေးမည်ဖြစ်ကြောင်း သိရှိရသည်။
“သာယာဝတီခရိုင်ထဲက အုပ်ချုပ်ရေးမှူးတွေကို တော်လှန်ရေး တပ်ဖွဲ့တွေက ဆက်တိုက် ပစ်ခတ် တိုက်ခိုက်နေလို့ စစ်တပ်ခန့် အုပ်ကြီးတွေ ရွာတွေမှာ မနေရဲတော့ဘူး။ စစ်တပ်ရဲ့ အုပ်ချုပ်ရေးမှူး ယန္တရားတွေက ရပ်တန့်သွားတဲ့ အခြေအနေလောက်ထိကို ဖြစ်နေတာ အုပ်ကြီးတွေတော်တော်များများက စစ်သားတွေ တပ်စွဲထားတဲ့ မြို့ပေါ်တွေမှာပဲ လာနေကြပြီး အဝေးကနေ လှမ်းအုပ်ချုပ်ရေးကြတာ တချို့ အုပ်ကြီးတွေဆို စစ်မှုထမ်းကြေးကို KPay နဲ့ လှမ်းလွှဲခိုင်းတာတွေထိ လုပ်ပြီး မြို့ပေါ်မှာ စုပြုံရောက်နကြတာ ရွာတွေကို ပြန်လွှတ်တော့လဲ မပြန်ရဲဘူး။ နှုတ်ထွက်မယ်ပဲ ပြောနေကျလို့ လက်နက်ကိုင် တပ်တော်စောင့်တွေနဲ့ အုပ်ကြီးတွေကို ရွာပြန်လွှတ်ဖို့ စစ်တပ်က လုပ်နေတာ အခုမြို့ပေါ်က စစ်စခန်းတွေမှာ ပျူစောထီးတွေကို သေနတ်ပစ် သင်တန်းပေးဖို့ဆိုပြီး လုပ်နေကြတယ်” ဟု ဒေသ သတင်းရင်းမြစ်က ပြောဆိုသည်။
၂၀၂၅ ခုနှစ် အတွင်း ဇန်နဝါရီလမှ မတ်လအတွင်း သာယာဝတီခရိုင်အတွင်း အကြမ်းဖက် စစ်တပ် အတွက် အလုပ်လုပ်ပေးနေသော လက်ပံတန်းမြို့နယ်မှ အုပ်ချုပ်ရေးမှူး သန်းဦး၊ အုပ်ချုပ်ရေးမှူး သိန်းဝင်းနှင့် မယားဖြစ်သူ စန်းစန်း ၊ မင်းလှမြို့နယ်မှ ရာအိမ်မှူး အငယ်လေး (ခ) သက်နိုင်စိုး ၊ သတင်းပေး ထွန်းနိုင်၊ ပျူစောထီး ခင်မောင်ဝင်း ၊ အုပ်ချုပ်ရေးမှူး သန်းထွေး ၊ ပျူစောထီး ရှမ်းလေး (ခ) မိုးကြီး၊ သတင်းပေး ဦးရွှေ ၊ အုတ်ဖိုမြို့နယ်မှ သတင်းပေး အေးလွင် ၊ အုပ်ချုပ်ရေးမှူး မြင့်ဦး ၊ ပျူစောထီး တင်နိုင်ထွန်း၊ သတင်းပေး ညိုညိုဝင်း ၊ ပျူစောထီး မြင့်လွင် ၊ အုပ်ချုပ်ရေးမှူး ကံမြင့်နှင့် မယားဖြစ်သူ ခင်ဝင်း ၊ သတင်းပေး ကံဝင်း ၊ သတင်းပေး သန်းဆွေဦး တပ်မ ၆၆ မှ စေလွှတ်လိုက်သော ဘုန်ကြီးအယောင်ဆောင် သတင်းပေး ၁ ဦး တို့ကို တော်လှန်ရေး တပ်ဖွဲ့များက ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အများစုမှာ သေဆုံးခဲ့ကြသည်။
ဓာတ်ပုံ – ပြည်သူ့စစ်များကို ယမန်နှစ်အတွင်း စစ်တပ်က လက်နက်တပ်ဆင်နေစဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
