ရန်ကုန်၊ မတ် ၁၄
စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ပန်းညိုရွာရှိ စာသင်ကျောင်းနှင့် ပြည်သူ့နေအိမ် အလုံး ၅၀ ကျော်ကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေး အဖွဲ့ – CDSOM မှ ကိုနွေဦး (မြောင်)က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
မတ်လ ၁၂ ရက်နေ့က ညနေ ၄ နာရီမှ စ၍ မြောင်မြို့နယ်၊ ပန်းညိုကျေးရွာအတွင်းသို့ စစ်ကောင်စီက ကြည်းတပ် ၊ ရေတပ် နှစ်ခုပေါင်းကာ ပိတ်ဆို့၍ ဝင်ရောက်ခဲ့ပြီး ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ ထိုသို့ မီးရှို့ခံရမှုကြောင့် စာသင်ကျောင်းနှင့် ပြည်သူ့နေအိမ်များကို အလုံး ၅၀ ကျော် ပြာကျခဲ့ကြောင်း သိရသည်။
“နယ်မြေရှင်းလင်းတော့ ပြည်သူတွေ သတ်ဖြတ်ခံထားရတာမျိုးတော့ မတွေ့ဘူး။ အားလုံးက ရှောင်တိမ်းနေကြတာဆိုတော့၊ ရှောင်တိမ်းချိန်ကလည်း ၂ ရက်လောက်ကြိုရလိုက်တာဆိုတော့ ၊ ဒါပေမယ့် မီးရှို့ခံထားရတဲ့ဟာတွေက စစ်ဘေးရှောင်တွေနေတဲ့ စာသင်ကျောင်းပေါ့၊ စာလည်း သင်တယ်၊ စစ်ဘေးရှောင်တွေကိုလည်း ထားတယ်။ အဲဒီကျောင်းကိုတော့ အဓိကထားပြီး ရှို့သွား တာ။ အဆောင် ၃ ဆောင်ရှိတာကို ၃ ဆောင်လုံးရှို့သွားတာ။ တစ်ဆောင်တစ်ဆောင်ဆိုရင် ပေ ၁၀၀ ကျော်ရှိတဲ့ သစ်သားဆောင်က ၂ ဆောင်ရှိတာ၊ အဲဒီ ၂ ဆောင်လုံးက ပြာကျသွားတယ်။ အုတ်နဲ့ လုပ်ထားတဲ့ အဆောင်ကတော့ ကျည်းဘောင်တွေပဲ လောင်ပြီးတော့ မှန်တွေ ကွဲသွားတာပေါ့၊ ပြီးတော့ ကျန်တဲ့ အုတ်တွေကတော့ မီးမလောင်နိုင်လို့၊ ပြီးတော့ ပြည်သူနေအိမ်တွေကတော့ ၅၀ ကျော်လောက် မီးရှို့ခံလိုက်ရတယ်” ဟု ၎င်းက ရှင်းပြသည်။
ထိုစစ်တပ်စစ်ကြောင်းက ယနေ့ မတ်လ ၁၄ ရက် နံနက် ၆ နာရီခန့်တွင် ပန်းညိုရွာမှ ရေ စကြိုမြို့နယ်၊ မြေတော်ရွာသို့ ထွက်ခွာသွားပြီး နံနက် ၈ နာရီခန့်တွင် မြေတော်ရွာအရောက် ပြည်သူ့ နေအိမ်များကို ထပ်မံမီးရှို့လျက်ရှိကြောင်း သိရသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလ ကတည်းက မြောင်မြို့နယ်နှင့် ရေကြိုမြို့နယ်အစပ် ရေလယ်ကျွန်းဒေသသို့ စစ်တပ်က ကြည်းတပ်၊ ရေတပ်ပေါင်းကာ အင်အားအားလုံးအရင်းဖြင့် ဝင်ရောက်၍ပြည် သူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ နေအိမ်များကို မီးရှိုဖျက်ဆီးခြင်းများလုပ်ဆောင်နေသောကြောင့် ဒေသနေပြည်သူသောင်းချီကာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar





