32 C
Yangon

ရွှေဘိုမြို့မှ ရိက္ခာထုတ် ပြန်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ကား ၁ စီးနှင့် စားဆီပုံးများ သိမ်းဆည်းရရှိပြီး ကားကို မီးရှို့ရှင်းလင်း

Must read

ရွှေဘိုမြို့မှ ရိက္ခာထုတ် ပြန်လာသည့် စစ်တပ်ကို ကြားဖြတ် တိုက်ခိုက်မှု ကား ၁ စီးနှင့် စားဆီပုံးများ သိမ်းဆည်းရရှိပြီး ကားကို မီးရှို့ရှင်းလင်း

ရန်ကုန်။ မတ် ၁၅

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တွင် ရိက္ခာထုတ်ပြီး ပြန်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ကြားဖြတ် တိုက်ခိုက်ရာ ကား ၁ စီးနှင့် စားဆီ ပုံးများ သိမ်းဆည်းရရှိပြီး ကားကို မီးရှို့ရှင်းလင်းခဲ့ကြောင်း ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၁၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်ခန့်တွင် ရွှေဘိုမြို့နယ်၊ ဇီးဖြူကုန်းပျူစောထီးရွာ၊ ပန်းရံ ပျူစောထီးရွာနှင့် ဇီးကုန်းလေးပျူစောထီးရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သား အင်အား ၅၀ ခန့်သည် ရွှေဘိုမြို့တွင်းသို့ ကား ၃ စီးဖြင့် ရိက္ခာထုတ်ရန် သွားရောက်စဉ် တော်လှန်ရေး တပ်ဖွဲ့များက ရွှေဘို-ရေဦး လမ်းပိုင်း အရောက်တွင် စောင့်ကြို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်း တိုက်ခိုက်မှုသည် ယမန်နေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ် မှ ညနေ ၄ နာရီ ၄၅ မိနစ်ထိ ကြာမြင့်ခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၁ စီးသည် လမ်းဘေးမြောင်း အတွင်းထိုးကျသွားကြောင်း၊ စစ်သားများမှာ တပ်ပျက်၍ ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရှိရသည်။

စစ်သားများ ထွက်ပြေးသွားပြီးနောက် ရိက္ခာတင်ကား ၁ စီးနှင့် ကားပေါ်တွင် တင်ဆောင်လာသော စားဆီ ပေပါ ၁ လုံးနှင့် ၁၀ ဂါလံဝင် စားဆီ ၆ ပုံးတို့ သိမ်းဆည်းရရှိခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိသော်လည်း အရေအတွက်ကို အတည်ပြုနိုင်ခြင်း မရှိကြောင်း၊ သိမ်းဆည်းရရှိသော ကားမှာ လမ်းဘေး မြောင်းအတွင်း ထိုးကျသွားသောကြောင့် အလွယ်တကူ သယ်ယူရွှေ့ပြောင်းနိုင်ရန် မလွယ်ကူ၍ မီးရှို့ရှင်းလင်းခဲ့ကြောင်း သိရသည်။

“စစ်ခွေးနဲ့ ပျူခွေး အင်အား ၅၀ ကျော်က ရွှေဘိုမြို့ အတွင်းကို ကား ၃ စီးနဲ့ ရိက္ခာသွားထုတ်ပြီး အပြန်ကို စောင့်ကြိုတိုက်ခိုက်ခဲ့တာ ကား ၁ စီးကတော့ လမ်းဘေး မြောင်းထဲ ထိုးကျသွားပြီး စစ်ခွေးတွေ ဖရိုဖရဲနဲ့ ဆုတ်ခွာထွက်ပြေးသွားတယ်။ စားဆီပေပါ ၁ လုံးနဲ့ ၁၀ ဂါလံဝင် စားဆီ ၆ ပုံးတို့ကိုတော့ သိမ်းဆည်းရမိခဲ့ပါတယ်။ လမ်းဘေးမြောင်းအတွင်းထိုးကျ သွားတဲ့ ကားက အလွယ်တကူ သယ်ယူရွှေ့ပြောင်းဖို့ မီးရှို့ ရှင်းလင်းလိုက်တယ်။ စစ်ခွေးတွေ ထိခိုက်သေဆုံးမှု များနိုင်တယ်။ အရေအတွက်ကိုတော့ အတည်မပြုနိုင်သေးဘူး။ ဒီလထဲမှာ ကျနော်တို့ စစ်ခွေး ထောက်ပို့ကား ၂ စီးရှိပြီ မီးရှို့ ရှင်းလင်း နိုင်ခဲ့တာ” ဟု ရွှေဘိုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို ရွှေဘိုမြို့နယ် ပကဖ တာဝန်ခံ၏ ကွပ်ကဲမှုဖြင့် ရွှေဘိုမြို့နယ် ပကဖ တိုက်ခိုက်ရေးအဖွဲ့ (PDO) မှ ဦးဆောင်ကာ တိုက်နယ် (၅) ပကဖ တိုက်ခိုက်ရေးအဖွဲ့နှင့် ဂဠုန်ကြီး ပကဖ၊ ဘီလူးညီနောင် ပကဖ၊ လှိုင်းလုံးနီအဖွဲ့၊ AK ပကဖ၊ တိုက်နယ် (၁) Golden Future Force ပကဖ၊ MC ပကဖ၊ တဂဏ နဂါးမင်း ပကဖအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article