29 C
Yangon

ရေစကြိုတွင် လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်တပ်က သတ်ဖြတ်နေသည့် ပြည်သူ ၁၈ ဦးအထိရှိလာပြီး မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်မှာလည်း ၄၀၀ နီးပါးရှိလာ

Must read

ရေစကြိုတွင် လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်တပ်က သတ်ဖြတ်နေသည့် ပြည်သူ ၁၈ ဦးအထိရှိလာပြီး မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်မှာလည်း ၄၀၀ နီးပါးရှိလာ

ရန်ကုန်၊ မတ် ၁၈

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၃ ရွာကို မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ် ၄၀၀ နီးပါး ပြာကျခဲ့ပြီး ပြည်သူ ၈ ဦးကိုလည်း စစ်သားများက ဖမ်းဆီး သတ်ဖြတ်ထားကြောင်း Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မတ်လ ၂ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်ခန့်မှ စတင်၍ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မြေစွန်းတော်ရွာကို စစ်ကြောင်းထိုး ဝင်ရောက်လာသော ပခုက္ကူ တပ်မ ၁၀၁ နှင့် ရေစကြိုမြို့နယ်ရှိ ၂၅၆၊ ၂၅၇ ၊ ၂၅၈ တပ်ရင်းတို့မှ အင်အား ၂၀၀ ဝန်းကျင်ရှိသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများသည် ကျေးရွာအတွင်းရှိ နေအိမ်များကို စတင် မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ယင်း စစ်ကြောင်းသည် မတ်လ ၄ ရက်နေ့ထိ မြေစွန်းတော်ကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူ ပိုင်နေအိမ် ၂၇၀ ကျော်မီးလောက်ပြကျခဲ့ကြောင်း သိရှိရသည်။

မတ်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် ယင်းစစ်ကြောင်းသည် ဇရပ်နီကျေးရွာအတွင်းကို ထပ်မံ ဝသ်ရောက်စီးနင်းပြီး ပြည်သူ နေအိမ် ၆၈ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ယင်းနေ့ ညနေပိုင်းတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် သာဂေါင်လေးရွာကို ထပ်မံ ဝင်ရောက် စီးနင်းခဲ့ပြီး အပြစ်မဲ့ပြည်သူများ၏ နေအိမ်အလုံး ၂၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အကြမ်းဖက် စစ်ကောင်စီ တပ်သားများ မီးရှို့ဖျက်ဆီးခြင်းကြောင့် မြေစွန်းတော်ကျေးရွာ၊ ဇရပ်နီကျေးရွာ နှင့် သာဂေါင်လေးရွာမှ နေအိမ် ၃၅၈ လုံးကျော် ပြာကျခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် မြေစွန်းတော်ရွာမှ အသက် ၇၀ ကျော်အရွယ် ဦးဟန်တင် ၊ အသက် ၆၀ နှစ်အရွယ် ဦးဌေးမြင့် ၊ အသက် ၈၈ နှစ်အရွယ် ဦးသံမဏိ ၊ အသက် ၆၀ နှစ်အရွယ် ဒေါ်သန်းပြည့် ၊ အသက် ၈၆ နှစ်အရွယ် ဒေါ်လှ‌ငွေ ၊ အသက် ၆၇ နှစ်အရွယ် ဦးကြည်ဌေး ၊ အသက် ၆၉ နှစ်အရွယ် ဦးအောင်မြိုင်၊ အသက် ၃၅ နှစ်အရွယ် ကိုသန့်ဇင်၊ အသက် ၄၀ အရွယ် ကိုအောင်လင်းနိုင် ၊ မာလကာခြံရွာမှ အသက် ၇၀ နှစ်အရွယ် ဦးညွန့်ဝေ ၊ အသက် ၅၀ အရွယ် ဦးဆန်းဝင်း ၊ သာဂေါင်လေးရွာမှ အသက် ၆၅ နှစ်အရွယ် ဦးချစ်မောင်၊ သာဂေါင် (ရွာမ) မှ အသက် ၄၂ နှစ်အရွယ် ဦးသန်းမင်းလှိုင် ၊ အသက် ၉၁ နှစ်အရွယ် ဦးအုန်း ၊ အသက် ၇၀ အရွယ် ဒေါ်စန်းဝေ နှင့် အမည်မသိ ပြည်သူ ၃ ဦးကို သတ်ဖြတ်ထားကြောင်း သိရသည်။

လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ၎င်းတို့ မီးရှို့ ဖျက်ဆီးခဲ့သော ကျေးရွာများကို ပြန်လည် ဝင်ရောက်စီးနင်းပြီး ကျေးရွာအတွင်းရှိ ပြည်သူပိုင် ပစ္စည်းများကို မင်းရွာ ပျူစောထီးရွာကို နေ့စဉ် ထော်လာဂျီဖြင့် ခိုးထုတ်နေကြောင်း သိရှိရသည်။

“စစ်ခွေး စစ်ကြောင်းက ရှိနေတုန်းပါပဲ အခုချိန်ထိ မနေ့က နံနက်ပိုင်းက ဘိစပ်ကုန်းရွာကို ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကို မင်းရွာပျူစောထီးရွာကို ထော်လာဂျီတွေနဲ့ ခိုးယူ သယ်ဆောင်သွားတယ်။ စစ်ကြောင်းက ရေစကြိုထဲက ရွာတွေကို ပြန်လည် စီးနင်းနေတယ်။ သူတို့ စစ်ခွေးနဲ့ ပျူခွေး တွေရှိတဲ့ မင်းရွာနဲ့ အသွားအပြန်လုပ်နေတာ” ဟု Yesagyo Township Info Committee အဖွဲ့မှ တာဝန်ရှိသူ က ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article