ရန်ကုန်၊ မတ် ၁၉
ထိုင်းနိုင်ငံ၊ မဲဆောက်မြို့၊ ထိုင်း-မြန်မာနယ်စပ် အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ထိုင်းအကောက်ခွန်ဦးစီးဌာနက သိမ်းဆည်းထားသော ကားဂိုဒေါင် မီးလောင်မှု ကားစီးရေ ၂၀၀ ကျော် မီးလောင်ပျက်စီးသွားကြောင်း ထိုင်းသတင်းများနှင့် မဲဆောက်တွင်နေထိုင်သော မြန်မာတချို့က ပြောဆိုကြသည်။
ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ည ၇ နာရီ ၃၀ မိနစ်ဝန်းကျင်အချိန် ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးရှိ ထိုင်းအကောက်ခွန်ဦးစီးဌာနက သိမ်းဆည်းထားသော ဂျပန်ကားသိုလှောင်ရုံတွင် မီးစတင်လောင်ကျွမ်းခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ယာဉ်စီးရေ ၂၀၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ကြောင်း သိရှိရသည်။
“မီးလောင်တာက ၂ နာရီလောက်ကြာတယ်။ တစ်မြို့လုံး မီးသတ်ကားတွေ သွားနေတာပဲ။ မီးတောက်တွေပါ မြင်ရတာ။ မြန်မာဘက်ကို ပို့မယ့် ကားတွေကို ဖမ်းဆီးထားတဲ့ ကားဂိုဒေါင်ရုံလို့ ပြောတယ်။ ဘာကြောင့် မီးလောင်လဲ တော့ မသိရသေးဘူးလို့ ပြောတယ်” ဟု မဲဆောက်မြို့တွင် နေထိုင်သော နယ်စပ်ကုန်သည်တစ်ဦးက ပြောဆိုသည်။
ကရင်ပြည်နယ်၊ ထိုင်း-မြန်မာနယ်စပ်၊ မြ၀တီမြို့နယ်တွင် ထိုင်းနိုင်ငံမှ တင်သွင်းသော ဂျပန်ကားတစ်ပတ်ရစ်များကိုသာ အဓိက အသုံးပြုကြပြီး ကားများနှင့် ကားအပိုပစ္စည်းများမှာ ထိုင်းနိုင်ငံမှ မြန်မာဘက်အခြမ်း မြ၀တီမြို့ ဘက်သို့ စျေးနှုန်းသက်သာစွာဖြင့် ဝင်ရောက်လျက်ရှိကြောင်း၊ ယခုမီးလောင်မှုကြောင့် နယ်စပ် ကားစျေးကွက်နှင့် ကားအပိုပစ္စည်းစျေးကွက်ကို မထိခိုက်နိုင်ကြောင်း နယ်စပ်ကုန်သည်တစ်ဦးက ဆိုသည်။
“BGF ဂိတ်တွေကနေ ကားနဲ့ ကားအပိုပစ္စည်းတွေက ဝင်နေတာပဲ။ အခုမီးလောင်တဲ့နေရာက ထိုင်းက ဖမ်းဆီး သိမ်းဆည်းထားတဲ့ ဂိုဒေါင်ရုံ မီးလောင်တာ။ အဲဒီကားတွေက စျေးကွက်ထဲ ဝင်မယ့်ကားတွေတော့မဟုတ်ဘူး။ ဒါပေမယ့် မြန်မာဘက်ကို ပို့ဖို့ လုပ်တုန်း ဖမ်းဆီးခံထားရတဲ့ ကားတွေ အများစုပါတယ်။ မှုခင်းတွေနဲ့ ဆက်နွယ်ပြီး သိမ်းဆည်းခံရတဲ့ ကားတွေလည်းပါတယ်။ ကားနဲ့အပိုပစ္စည်းစျေးကွက်ကိုတော့ မထိခိုက်နိုင်ပါဘူး” ဟု နယ်စပ်ကုန်သည်ကရှင်းပြသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



