ရန်ကုန်၊ မတ် ၁၉
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က Non-CDM ဝန်ထမ်းများအနေဖြင့် ပြင်ပစီးပွားရေးများ မလုပ်ကိုင်ရန် တားမြစ်ကြောင်း၊ ဝန်ထမ်းကျင့်ဝတ်၊ နိုင်ငံ့ဝန်ထမ်းဥပဒေနှင့် နည်းဥပဒေများအရ နိုင်ငံ့ဝန်ထမ်းများ အနေ ဖြင့် မိမိတို့၏ လုပ်ငန်းတာဝန်နှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်၀ိုက်၍ ဖြစ်စေ ဆက် စပ်မှုရှိသည့် (သို့မဟုတ်) မိမိတို့၏ ဇနီး/သားသမီးများ အမည်ခံ၍ အခြား ပြင်ပစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရန် ညွှန်ကြားကြောင်း သိရှိရသည်။
နိုင်ငံ့ဝန်ထမ်းများအနေဖြင့် စီးပွားရေးလုပ်ငန်းကို မလုပ်ဆောင်ရန် ၁၉၄၀ ပြည့်နှစ် အစိုးရဝန်ထမ်းများ ကျင့်ဝတ် နည်းဥပဒေများ ၊ ၂၀၀၄ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ဝန်ထမ်း ကျင့်ဝတ် အပိုဒ် ၈ တွင်လည်းကောင်း၊ ၂၀၁၃ ခုနှစ် မတ်လ ၈ ရက်နေ့ ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းဥပဒေ ပုဒ်မ ၃၇ တွင်လည်းကောင်း၊ ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နေ့ ထုတ်ပြန်ခဲ့သည့် နိုင်ငံ့ဝန်ထမ်း နည်းဥပဒေ ပုဒ်မ ၂၉၀ တွင်လည်းကောင်း ပြဋ္ဌာန်းထားကြောင်း၊ ထို့ကြောင့် အဆိုပါ ညွှန်ကြားချက်ကို ဝန်ထမ်းများအားလုံး သိရှိလိုက်နာရမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ ညွှန်ကြားချက်တွင် ဖော်ပြထားသည်။
မင်းအောင်လှိုင်၏ သားဖြစ်သူ အောင်ပြည့်စုံမှာ ပြည်တွင်း စီးပွားရေးလုပ်ငန်းများကို အမည်အမျိုးမျိုး၊ ကုမ္ပဏီ အမျိုးမျိုးဖြင့် လုပ်ကိုင်လျက်ရှိပြီး အောင်ပြည့်စုံပိုင်ဆိုင်သော ကုမ္ပဏီများတွင် ဘုန်းမြတ်ပြည့်စုံ ၊ Sky One ၊ Myanmar Sit Thu Gyi၊ မင်းတရားကြီး၊ Winning Sky၊ True Golf Aung Myint Mo Min Insurance Company ၊ MyTel Telecom ရှယ်ယာရှင်၊ Azura Beach Resort၊ A & M Mahar Company Limited ၊ Nyein Chan Pyae Sone Manufacturing & Trading Company Limited စသည့် ကုမ္ပဏီများစွာ ပါဝင်သည်။
အောင်ပြည့်စုံ၏ ကုမ္ပဏီများသည် စစ်တပ်၏ ဆောက်လုပ်ရေးတင်ဒါ၊ ဝန်ကြီးဌာနများ၏ ဆောက်လုပ်ရေး တင်ဒါများစွာကို ရရှိထားပြီး ဥပမာအားဖြင့် ရန်ကုန်ရှိ အမှတ် ၁ စစ်ဆေးရုံ အထူးကုစင်တာ၊ ပြင်ဦးလွင် ကုတင် ၇၀၀ ကင်ဆာကုဆေးရုံ အပါအဝင် စစ်တပ်နှင့်သက်ဆိုင် သော ဆောက်လုပ်ရေး လုပ်ငန်းများအားလုံး၊ ဒလရှိ တော်ပီဒို စက်ရုံ အပါအဝင် တင်ဒါများစွာ ရရှိလုပ်ကိုင်ခဲ့သည်။
ထို့ပြင် မင်းအောင်လှိုင်၏သား ဖြစ်သူ အောင်ပြည့်စုံက ကျောက်ဖြူရေနက်စီမံကိန်းမှ ဆိပ်ကမ်းဆိုင်ရာ ပရောဂျက်၊ စစ်တွေ ဆိပ်ကမ်းစီမံကိန်း ပရောဂျက်၊ ရန်ကုန်မြို့၊ မြ၀တီမီဒီယာစင်တာတည်ဆောက်ရေးပရောဂျက်၊ တောင်ဥက္ကလာပဂေါက်ကွင်း ပြင်ဆင်မှု ပရောဂျက်၊ ရုရှား စက်သုံးဆီဝယ်ရေး ကော်မတီကဲ့သို့သော စစ်တပ် ပရောဂျက်များ၊ ဆိုလာပြားများ တင်သွင်းခြင်းနှင့် ဆိုလာဓာတ်အားပေးစက်ရုံများ တည်ဆောက်ရေး လုပ်ငန်းများတွင်လည်း လုပ်ကိုင်ခွင့်ရရှိကြသည်။
မင်းအောင်လှိုင်၏ သမီး ခင်သီရိသက်မွန်ကမူ အနုပညာရှင်နှင့် ဖျော်ဖြေရေးလုပ်ငန်းများကို 7 Sense ရုပ်ရှင်ထုတ်လုပ်ရေး၊ SM Winner ထုတ်လုပ်ရေး စသည့် အမည်အမျိုးမျိုးဖြင့် လုပ်ကိုင်ပြီး ပြည်တွင်းသို့ NPK Motor Co Ltd ကုမ္ပဏီ အပါအဝင် ကုမ္ပဏီများစွာ တည်ထောင်၍ လျှပ်စစ်ကားများ တင်သွင်းခြင်း၊ လျှပ်စစ်ကား အားသွင်းရုံများ တည်ဆောက်ခြင်းများကို လုပ်ကိုင်ခွင့် ရရှိနေသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


