27 C
Yangon

ရန်ကုန် မြောက်ဥက္ကလာရှိ ယာဉ်ထိန်းရုံး ဗုံးခွဲ တိုက်ခိုက်ခံရ၊ အင်္ဂပူမြို့ရှိ အမှတ် ၅ စစ်ရေး လေ့ကျင့်ရေး ဂိတ် ဗုံးခွဲခံရပြီး လာစစ်ဆေးသော စစ်သားများ ပဒေသာမိုင်းထိ၊ ပုသိမ်-မုံရွာ လမ်းရှိ စစ်တပ်ပိုင် Mytel တာဝါတိုင် အဖြိုခံရ

Must read

ရန်ကုန်၊ ဇွန် ၃

ရန်ကုန်တိုင်း မြောက်ဥက္ကလာမြို့နယ် ကျောက်ရေတွင်းတံတား အနီးရှိ စိန်ပန်းမြိုင်ရိပ်သာ ယာဉ်ထိန်းရုံးကို ဇွန်လ ၂ ရက်နေ့ ည ၉ နာရီ ၁၇ မိနစ်ခန့်တွင် ပြောက်ကျား တပ်ဖွဲ့ ၂ ဖွဲ့က ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

စိန်ပန်းမြိုင်ရိပ်သာ ယာဉ်ထိန်းရုံးကို Human Right Defender (HRD) နှင့် Generation Z Defense Force (GZDF) တို့က အဝေးထိန်း ဗုံးဖြင့် ပူးပေါင်း ဖောက် ခွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင်များ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း ထုတ်ပြန်ထားသည်။

အလားတူ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အမှတ် ၅ စစ်ရေး လေ့ကျင့်ရေး ဂိတ်စခန်းကို ဧရာနဂါးညီနောင် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ဇွန်လ ၂ ရက်နေ့ ည ၈နာရီ ၁ဝ မိနစ်ခန့်တွင် ဗုံးခွဲ တိုက်ခိုက်ခဲ့ပြီး စစ်တပ် ဂိတ်စခန်း ပျက်စီးခဲ့ကြောင်း ပြောက်ကျားတပ်ဖွဲ့ထံမှ သိရသည်။

အကြမ်းဖက် စစ်တပ် ဂိတ်စခန်း မိုင်းဆွဲ တိုက်ခိုက်ခံရချိန် တပ်တွင်းမှ စစ်သားများက ထွက်လာစဉ် အသင့်ထောင်ထားသော ပဒေသာမိုင်း ၄ လုံးဖြင့် ထပ်မံ ဖောက်ခွဲ တိုက်ခိုက်ခဲ့သောကြောင့် စစ်သားများ ထိခိုက်သေဆုံးမှုရှိကာ အရေအတွက် အတည်မပြုနိုင်သေးကြောင်း သိရသည်။

” အင်္ဂပူမြို့နယ် ကွင်းကောက် အမှတ် ၅ လေ့ကျင့်ရေး စစ်ဆေးရေး တပ်ဂိတ်ကို မိုင်းအကြီး ၂ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်။ ဂိတ်စခန်း တိုက်ခိုက် ခံရတော့ ခွေးခြံထဲက ခွေးတွေ ထွက်အလာ အသင့်ဆင်ထားတဲ့ ပဒေသာမိုင်း အလုံးကြီး ၄လုံးနဲ့ တစ်ပြိုင်တည်း ထပ်ပြီးခွဲလိုက်တယ်။ ခွေးတွေ တော်တော်ထိလောက်တယ်။ တပ်ဂိတ်ကတော့ ပျက်စီးသွားတယ်။ လက်နက်သံလည်း ဆူညံသွားတယ်။ အဲလို တိုက်ခိုက်ပြီး ၃ မိနစ်အကြားမှာ ပုသိမ်-မုံရွာ မိုင်တိုင် ၆၁၊ ၆၂ ကြားမှာ ရှိတဲ့ Mytel တာဝါတိုင် ကိုလည်း မိုင်းအကြီးစား ၂ လုံးနဲ့ လူခွဲပြီး ဖောက်ခွဲ တိုက်ခိုက်ခဲ့တယ်” ဟု ဧရာနဂါးညီနောင် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် တစ်ဦးကပြောဆိုသည်။

ဧရာနဂါး ညီနောင် ပြည်သူ့ ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က အမှတ် ၅ စစ်ရေး လေ့ကျင့်ရေး ဂိတ်စခန်းကို မိုင်းဆွဲ တိုက်ခိုက်ပြီးနောက် ပုသိမ်-မုံရွာ လမ်းပိုင်း မိုင်တိုင် ၆၁၊ ၆၂ ကြားရှိ အကြမ်းဖက် စစ်တပ်ပိုင် Mytel တာဝါတိုင် ကိုလည်း မိုင်းအကြီးစား ၂ လုံးနဲ့ လူခွဲပြီး ဖောက်ခွဲ ရှင်းလင်းခဲ့ကြောင်း သိရသည်။

Photo – ဗုံးခွဲတိုက်ခိုက်ခံရသော အင်္ဂပူမြို့နယ်ရှိ အကြမ်းဖက် စစ်တပ် အမှတ် ၅ စစ်ရေး လေ့ကျင့်ရေး ဂိတ်စခန်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article