ရန်ကုန်၊ ဇွန် ၃
ကရင်နီပြည်နယ်၊ ဘောလခဲမှ ဖရူဆိုမြို့နယ်သို့ ဦးတည်လာသော စစ်ကောင်စီ၏ မော်တော်ယာဥ်(၄၀) စီးပါ ထောက်ပို့ယာဥ်တန်းကို မေလ ၃၀ ရက်နေ့မှ ဇွန်လ ေ ရက်နေ့အထိ ကရင်နီတပ်မတော် (KA) နှင့် KNDF တို့က နန်းဖဲကျေးရွာနှင့် ထားလဲကျေးရွာအကြားတို့တွင်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးပြီး စစ်ကား ၄ စီး မီးလောင်ပျက်စီးကြောင်း၊ စစ်ကား ၂ စီးနှင့် လက်နက်များ သိမ်းဆည်းရမိဟု တရားဝင်သတင်းထုတ်ပြန်သည်။
မေလ(၃၀)နှင့် (၃၁)ရက်နေ့တို့တွင် နန်းဖဲကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ကားတစ်စီးမီးလောင်ပျက်စီးခဲ့ကြောင်း၊ ထို့အတူ ဇွန်လ (၁) နှင့် (၂)ရက်နေ့တို့တွင် ထားလဲကျေးရွာအနီး၌ စစ်ကောင်စီယာဥ်တန်းအား၊ ကရင်နီပူးပါင်းတပ်ဖွဲ့မှ ထမံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ (၅) ဦးကျဆုံးပြီး ထိခိုက်မှုများပြားခဲ့ကြောင်း သိရှိရသည်။
ထို့အပြင် ဇွန်လ(၂) ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီဘက်မှ အထိနာသဖြင့် ထားလဲနှင့် နန်းဖဲတို့တွင် လေကြောင်းပစ်ကူဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ(၂) ရက်နေ့ တိုက်ခိုက်မှုအတွင်း ကရင်နီပူးပေါင်းတပ်မှ စစ်ကောင်စီ၏ မော်တော်ယာဥ် (၂) စီး၊ လက်နက်ငယ် (၄) လက်၊ Anti- Drome Jammer တစ်လက်၊ လက်နက်ကြီး၊ လက်နက်ငယ်ကျည်အချို့နှင့်မြေမြုပ်မိုင်းအချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း၊ ဇွန်လ (၃) ရက်နေ့ နံနက် ပိုင်းတွင် ဖရူဆိုမြို့နယ် တနောကလော ကျေးရွာအနီး အကြမ်းဖက်စစ်ကောင်စီမော်တော်ယာဥ်တန်း နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၏မော်တော်ယာဥ် (၃) စီး ထပ်မံ မီးလောင်ပျက်စီးခဲ့ကြောင်း KNDF သတင်းနှင့်ပြန်ကြားရေးဌာနက တရားဝင်သတင်းထုတ်ပြန်ထားသည်။