28 C
Yangon

ရဲနဲ့ စစ်သား ထိုးကြိတ်မှု ဗီဒီယိုဖိုင် Khit Thit Media ထံသို့ ပေးပို့ပေါက်ကြားမှု ဖရဲသီး ရှာမရလျှင် မကွေးအမှတ် ၂ ရဲစခန်းမှ ရဲတစ်ဖွဲ့လုံး ရာထူးဖြုတ် ထောင် ချခံရမည်၊ Khit Thit နှင့်ချိတ်ဆက်ထားသော ဖရဲသီးအဖွဲ့ကြီးရှိမည်ဟု စစ်တပ်က သုံးသပ် ဖော်ထုတ်ရန်ကြိုးပမ်း

Must read

ရန်ကုန်၊ ဇွန် ၅

မကွေးတိုင်း အမှတ် ၂ ရဲစခန်းတွင် စခန်းမှူး အောင်စိုးနှင့် လေတပ်စစ်သား ၁ ဦးတို့ အချင်းများပြီး ထိုးကြိတ်ကြသည့် ဗီဒီယိုဖိုင် Khit Thit မီဒီယာက ဖော်ပြပြီးနောက် ယင်းဗီဒီယိုကို ခေတ်သစ်ထံ ပေးပို့သူကို ဖော်ထုတ်နေကာ တရားခံ ရှာမရလျှင် မကွေး အမှတ် ၂ ရဲစခန်းတစ်ခုလုံး ရာထူးဖြုတ်ပြီး ထောင်ချခံရမည်ဖြစ်ကြောင်း သိရှိရသည်။

မေလ ၃၁ ရက်နေ့တွင် မကွေးတိုင်း၊ မကွေးမြို့ အမှတ် ၂ ရဲစခန်းတွင် ရဲစခန်းမှူး အောင်စိုးနှင့် မကွေးလေတပ်စစ်သားအကြား ဆက်ဆံရေး အဆင်မပြေဖြစ်ရာမှ ထိုးကြိတ် ခိုက်ရန်ဖြစ်ပွားခဲ့ကြောင်း၊ မကွေးလေတပ်မှ စစ်သားက ရဲစခန်းသို့ ရောက်ရှိလာပြီး ရဲစခန်းမှူး အောင်စိုး ကို ထိုးကြိတ် ကြောင်း၊ ထိုသို့ ထိုးကြိတ်သဖြင့် ချုပ်နှောင်ထားပြီး သက်ဆိုရာ စစ်သား၏ တပ်နယ်မှ တာဝန်ရှိသူကို ခေါ်ယူ၍ ပြန်လည် အပ်နှံရန် ချုပ်နှောင်ထားမှုကို ပြန်လည် ဖြည်ပေးစဉ် စစ်သားက ရဲစခန်းမှူးကို ထပ်မံ ထိုးကြိတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ ယင်းဗီဒီယိုဖိုင်ကို ဇွန်လ ၁ ရက်နေ့တွင် Khit Thit Media က ဖော်ပြခဲ့ကြောင်း သိရှိရသည်။

“အခု မကွေး စခန်းတစ်ခုလုံး ဖမ်းထားတာက ရဲနဲ့စစ်သား ရန်ဖြစ်တာက အဓိကမဟုတ်ဘူး။ ခေတ်သစ်ကို ဘယ်သူ ဗီဒီယိုဖိုင်ပို့တာလဲ။ အဲဒါ အဓိက ။ အခုတော့ ဗီဒီယိုရိုက်ကူးသူကို ဖရဲသီးလို့ ယူဆပေမယ့် သက်သေက မတွေ့ဘူး။ စခန်းတစ်ခုလုံးကို ဖမ်းထားတာ။ လူကြီးတွေ သုံးသပ်တာက ခေတ်သစ်ကို သတင်းပေးနေတဲ့ ဖရဲသီး အဖွဲ့ အကြီးကြီး ရှိနေပြီ။ အဲဒီအဖွဲ့မှာ အောက်ခြေကစလို့ အပေါ်အထိ ပါတယ်လို့ သုံးသပ်တယ်။ တိုင်းအတွင်းရေးမှူး ဦးဝင်းရှိန်ကိုလည်း ခေတ်သစ်ကို ဝန်ကြီးချုပ်အသံဖိုင်ပို့တယ်ဆိုပြီး ဖမ်းပြီး တရားစွဲထားတာ။ လူကြီးတွေသုံးသပ်တာက တိုင်းအတွင်းရေးမှူးထက် မြင့်တဲ့ ရာထူးကြီးတဲ့ သူ ဖရဲသီးအဖွဲ့ထဲမယ် ပါနေတယ်။ ဒါကို ဖော်ထုတ်ရမယ်ပေါ့။ ဖော်ထုတ်မရဘူးဆိုရင်တော့ တစ်ဖွဲ့လုံး အနားပေးပြီး ထောင်ချမယ့် အခြေအနေရှိပါတယ်” ဟု မကွေးတိုင်းတပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်းအတွင်းမှ သတင်းများအပြင် နေပြည်တော်မှ မင်းအောင်လှိုင် မိန့်ခွန်းပေါက်ကြားမှု၊ ပြည်ထဲရေးဝန်ကြီး စိုးထွဋ် အသံဖိုင်ပေါက်ကြားမှု အပါအဝင် စစ်တပ်၊ ရဲနှင့် သတင်းများ ထိန်းမနိုင် သိမ်းမရ ခေတ်သစ်သတင်းဌာနထံ ရောက်ရှိနေမှုကို မင်းအောင်လှိုင်ကိုယ်တိုင်က စနစ်တကျ ဖော်ထုတ်ရန် ညွှန်ကြားထားကြောင်း သိရှိရသည်။

လက်ရှိတွင် မကွေးတိုင်း အပါအဝင် ပြည်နယ်/တိုင်းရှိ စစ်တပ်၊ ရဲ၊ ထွေအုပ်များ အားလုံးထံသို့ အထူးညွှန်ကြားချက်များ ပေးပို့ရာတွင် စာရွက်စာတမ်း ပေါက်ကြားမှု ရှိမည်စိုးရိမ်၍ နှုတ်မိန့်ဖြင့် တယ်လီဖုန်း ဆက်၍ ညွှန်ကြားမှုများရှိနေပြီး ဖုန်းဖြင့် ပြောသော နှုတ်မိန့်များကို အသံသွင်းထားခြင်း၊ ချရေးမှတ်ခြင်းမပြုဘဲ အဆင့်ဆင့် နှုတ်မိန့်ဖြင့်သာ ဆက်လက် ညွှန်ကြားရန် အမိန့်ပေးထားကြောင်း သိရှိရသည်။

ဓာတ်ပုံ- မေလ ၃၁ ရက်နေ့က လေတပ်စစ်သားနှင့် မကွေးရဲများ ခိုက်ရန်ဖြစ်ပွားမှု မြင်ကွင်း။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article