ရန်ကုန်၊ ဇွန် ၅
သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် လိမ်လည် အမှုတည် ဆောက် သော စသုံးလုံး ဌာန အရာရှိနှင့်အမှုထမ်း စာရင်းများ Khit Thit မီဒီယာထံ ပေါက်ကြားမှု နေပြည်တော်စသုံးလုံး ဝန်ထမ်းတချို့ ထိန်းသိမ်းခံရပြီး ဖုန်းများ သိမ်းဆည်းစစ်ဆေးခံနေရကြောင်း စသုံးလုံး သတင်းရင်းမြစ်များထံမှ သိရှိရသည်။
Khit Thit သတင်းဌာနက စသုံးလုံးဌာနက သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ NLD အစိုးရ ဝန်ကြီးများနှင့် ဝန် ကြီးချုပ်များကို လိမ်လည် အမှုဆင်သော စသုံးလုံးဌာနမှ အရာရှိများ၊ အမှု ထမ်းများအကြောင်း နာမည်များနှင့်တကွ အသေးစိတ် ဖော်ပြခြင်း၊ ယင်းသို့ပေါက်ကြားမှု အခြေအနေကို ဖော်ထုတ်ရန် လျှို့ဝှက် အစည်းအဝေး လုပ်သည့် သတင်းထပ်မံပေါက်ကြားခြင်း ၊ ဌာနတွင်း သတင်းများအားလုံး ခေတ်သစ်ထံ ရောက်ရှိနေခြင်းတို့ကြောင့် စသုံးလုံးဌာနမှ မသင်္ကာသူ ဝန်ထမ်းမှန်သမျှ ခေါ်ယူ ထိန်းသိမ်း စစ်ဆေးခြင်း၊ မိုဘိုင်းလ်ဖုန်းများကို စစ်ဆေးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း သိရှိရသည်။
“နေပြည်တော် စသုံးလုံး(စစစ) ဝန်ထမ်း တချို့ သတင်းပေါက်ကြားမှုနဲ့ ဆက် စပ်ပြီး ဖုန်းတွေ သိမ်းခံရပြီး စစ်ဆေးခံနေရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ပြောဆိုသည်။
လက်ရှိတွင် စသုံးလုံးဌာနက ရာထူးမတိုးသူများ၊ နယ်ပြောင်းရွှေ့ခံရသူများသည် ဌာနကို နာကြည်းချက်ဖြင့် သတင်းများ ပြင်ပသို့ ပေးပို့သည်ဟု သုံးသပ်ကြပြီး စသုံးလုံးဌာနမှ လူငယ် အရာရှိတချို့က ခေတ်သစ်သတင်းဌာနမှ သတင်း ထောက် သို့မဟုတ် ပတ်သက်သူ တစ်ဦးဦးကို သတ်ဖြတ်လိုက်မှသာ သတင်းများ မရေးရဲတော့မည်ဖြစ် ကြောင်း၊ ခေတ်သစ်နှင့်ပတ်သက်သူများကို စုံစမ်းကြရန် ပြောဆိုတိုင်ပင်မှုများရှိနေကြောင်း သိရှိရသည်။
“ခေတ်သစ်ကိုသတင်းပေးနေတဲ့ အတွင်းကောင်တွေက ပိုက်ဆံရလို့လုပ်သာတာပေါ့။ ပိုက်ဆံရလို့ကိုယ့်ပေါင်ကိုယ် လှန်ထောင်း ဌာနသိက္ခာချနေသူတွေလို့ ပြောတယ်။ ခေတ်သစ်ကကောင်တွေ တစ်ကောင်လောက် အသတ်ခံရမှ ငြိမ်သွားမလားဆိုပြီး စသုံးလုံး အရာရှိလူငယ်တွေက ပြောဆိုတိုင်ပင်တာတွေရှိတယ်” ဟု စသုံးလုံးဌာနနှင့် နီးစပ်သော သတင်းရင်းမြစ်က ပြောဆိုသည်။
စသုံးလုံးဌာနသည် စစ်အာဏာသိမ်းချိန်တွင် CDM အလွန်နည်းပါးသော ဌာနဖြစ်ပြီး အာဏာသိမ်းမှုနှင့်မပတ်သည့်ပုံစံ ဖြင့် လူထုအကြား တိတ်တဆိတ် ရပ် တည်ပြီး သမ္မတဦးဝင်းမြင့်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အစိုးရတစ်ခုလုံးကို လိမ်လည် အမှုဆင်ရာတွင် ဌာနတစ်ခုလုံး ထဲထဲဝင်ဝင် ပါဝင်ပတ်သက်ခဲ့ကြသည့် စစ်ကောင်စီ၏ လက်ကိုင်တုတ် ဌာနကြီးလည်းဖြစ်သည်။
စစ်တပ်၏ လက်ကိုင်တုတ် စသုံးလုံးဌာနတွင် ဝန်ထမ်း၊ အရာထမ်းနှင့်အမှုထမ်းစုစုပေါင်း ၁၇၀၀ ကျော်ရှိသည်။
ဓာတ်ပုံ- နေပြည်တော်တွင် စသုံးလုံးဌာန၏ ထမင်းနဲပွဲမှ စသုံးလုံး ဝန်ထမ်းတချို့။