ကယ်လီဖိုးနီးယားပြည်နယ်တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်းနှင့် မြန်မာမိသားစု အသိုင်းအဝိုင်းတို့ တွေ့ဆုံပွဲ ကျင်းပ
အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကိုဗေးဧရိယာတွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ သားငယ် ကိုထိန်လင်း(Kim Aris) နှင့် မြန်မာမိသားစု အသိုင်းအဝိုင်းတို့ တွေ့ဆုံပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထို အခမ်းအနားပွဲကို ဧပြီလ ၆ ရက်နေ့တွင် ကျင်းပပြုလုက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေးအတွက် တိုက်တွန်းနိုးဆော်ရန်၊ မြန်မာပြည်၏ အကြပ်အတည်းကို နိုင်ငံတကာမှ သတိပြုမိစေရန် နှင့် ဝိုင်းဝန်းကူညီကြရန်၊ စစ်ကောင်စီအပေါ် ပြင်းထန်သော အရေးယူမူများ ပြုလုပ်ရန်၊ လွတ်လပ်သောမီဒီယာများမှ ဝိုင်းဝန်းကူညီကြစေရန် စသည်တို့ကို ညှိုနှိုင်းတိုင်ပင်ရန် အဓိကထားရည်ရွယ်၍ တွေ့ဆုံပွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
ထိုတွေ့ဆုံပွဲကို ဆန်ဖရန်စ္စကို ပင်လယ်အော်ဒေသ မှ Newark မြို့တော်ဝန် Mr Michael K. Hannon နှင့် Union City council member Mr Jeff Wang တို့တက်ရောက် အားပေးစကားများပြောကြားခဲ့ခြင်းဖြစ်ပြီး ကိုထိန်လင်း ( Kim Aris) အား ဂုဏ်ပြုလွှာ ချီးမြှင့်ပေးခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ပန်းချီဆရာမနုယဉ်ကိုယ်တိုင်တက်ရောက်၍ သူမရေးဆွဲထားသော ဒေါ်အောင်ဆန်းစုကြည်ပုံတူပန်းချီကားကို လေလံတင်ရောင်းချခဲ့ပြီး မပန်ဆယ်လိုမှလည်း သူမပိုင် လည်ဆွဲစသည်များကို လေလံတင်လှူဒါန်းခဲ့ကြောင်း၊ ထို့ပြင် ရွှေနှင်းဆီ၊ အမေစုနှင့်သူမခွေးလေးပုံပါ ပန်းချီကားတို့ကိုလည်း အလှူငွေများထည့်ဝင်ကြကာ မဲဖောက်ပေးခဲ့ကြောင်း သိရသည်။
ထိုမှ ရရှိသော အလှူငွေများကို မြန်မာပြည်သူများအတွက် သောက်သုံးရေ၊ အစားအစာ၊ ဆေးဝါးနှင့် ကွယ်လွန်သူများအတွက် သင်္ဂြိုလ် စရိတ်များ၊ အခြားသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ အတွက် လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရှိရသည်။
မြန်မာပြည်သူပြည်သားများ ခံစားနေရသော စစ်ဘေးစစ်ဒဏ်၊ သဘာဝဘေးအန္တရာယ်ဒဏ် အသီး သီးမှ လွတ်မြောက်ကြစေရန် မီးထွန်း ဆုတောင်းခြင်းနှင့် ဘာသာပေါင်းစုံမှ စုပေါင်း မေတ္တာပို့ ဆုတောင်းခြင်းများ တဆက်တည်း ကျင်းပခဲ့ကြောင်း သိရသည်


