ရန်ကုန် ၊ဧပြီ ၉
နိုင်ငံတကာက ပေးအပ်တဲ့ ငလျင်ဒဏ်သင့် မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေတွေကို စစ်တပ်ကထိန်းချုပ်ထားတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက သတိပေးပြောဆိုပါတယ်။
ဧပြီလ ၅ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အထိ ဥဇဘက်ကစ္စတန်နိုင်ငံမှာကျင်းပတဲ့ ၁၅၀ ကြိမ်မြောက် နိုင်ငံတကာပါလီမန်များညီလာခံနှင့် ဆက်စပ်အစည်းအဝေးတွေ တက်ရောက်ရင်း သူက အဲဒီလို ထုတ်ဖော်ပြောဆိုတာပါ။
“နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ရန်ပုံငွေကို စစ်တပ်က ထိန်းချုပ်ပြီး နောက်ထပ် စစ်ရေးအကြမ်းဖက်မှုကို ဆက်လက်ကျူးလွန်မည်လားဆိုသည့် စိုးရိမ်မှုများစွာ ရှိနေပါတယ်။ ကျွန်တော်တို့အနေနဲ့ ဒီလို ခွင့်မပြုနိုင်ဘူး။ မြန်မာနိုင်ငံရှိ ပြည်သူများအတွက် မြန်မြန်ဆန်ဆန် လူသားချင်းစာနာထောက်ထားမှု အကူအညီများ လက်လှမ်းမီနိုင်စေရန် ကူညီပေးပါ။ စစ်မှန်တဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ အပစ်အခတ်ရပ်စဲရေးအတွက် ထုတ်ဖော်ပြောပေးပါ။ ကျေးဇူးပြုပြီး ဒီမိုကရေစီကို ပြန်ရောက်အောင် ကူညီပေးပါ” လို့ ဒေါက်တာဝင်းမြတ်အေးက ပြောဆိုပါတယ်။
စစ်ကောင်စီတပ်က ငလျင်ဒဏ်ကြုံနေရချိန်မှာပဲ နိုင်ငံတစ်ဝန်း အရပ်သားတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး တစ်ပတ်အတွင်း မြို့နယ် ၃၂ ခုမှာ လေကြောင်းတိုက်ခိုက်မှု ၆၃ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ဒေါက်တာဝင်းမြတ်အေးက ထောက်ပြပါတယ်။
စစ်ကောင်စီလေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ အထဲမှာ ငလျင်လှုပ်ခတ် မှုဒဏ်ခံခဲ့ရတဲ့ ဒေသတွေလည်း ပါဝင်ပြီး ငလျင် ဘေးဒဏ်သင့် ဒေသတွေကို အရေးပေါ် အကူအညီတွေ ဆောင်ရွက်နိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ (EROs) တွေက အပစ်အခတ် ရပ်စဲရေး ကြေညာခဲ့ပေမယ့်လည်း စစ်တပ်က တိုက်ခိုက်မှုတွေကို ဆက်လက်ကျူးလွန်တယ်လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လေးနှစ်ကျော် အာဏာသိမ်းယူထားစဉ် စစ်အာဏာရှင်တွေဟာ အရပ်သားများကို ဆက်လက်သတ်ဖြတ်နေပြီး စစ်ခေါင်းဆောင်တွေဟာလည်း အပြစ်ပေးခံရခြင်းမှ ကင်းလွတ်နေတဲ့အတွက် ကြောင့် ပြည်သူများရဲ့ အသက်အိုးအိမ်စည်းစိမ်တွေကို အဆက်မပြတ် ဖျက်ဆီးနေတာဖြစ်တယ်လို့ သူက ဆိုပါတယ်။
မတ်လ ၂၈ ရက်နေ့မှာ လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် လူဦးရေ ၃၅၀၀ နီးပါးသေဆုံးခဲ့ရပြီး လူပေါင်း ၅၀၀၀ နီးပါး ဒဏ်ရာရရှိခဲ့ကြောင်း၊ အသက်ရှင်ကျန်ရစ်သူ အများအပြားကလည်း အမိုးအကာ ၊ စားနပ်ရိက္ခာ ၊ ရေ နဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ မရရှိဘဲနဲ့ လူသားချင်းစာနာထောက်ထားမှု အရေးပေါ်လိုအပ်နေကြောင်း သူက နိုင်ငံတကာကို အသိပေးပြောဆိုပါတယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



